Skip to main content

မန္တလေးမြို့တွင် သီတင်းကျွတ်မီးထွန်းပွဲတော် စည်ကားသိုက်မြိုက်စွာ ကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

မန္တလေး အောက်တိုဘာ ၂၄

မန္တလေးမြို့နန်းမြို့ရိုးနှင့် ကျုံးရေပြင်ကြား ရတနာပုံဥယျာဉ်တွင်ပြုလုပ်မည့် မြန်မာ့ရိုးရာသီတင်း ကျွတ် မီးထွန်းပွဲတော်ကို ပြည်သူများပျော်ရွှင်စွာ ပါဝင်ဆင်နွှဲ စည်ကားသိုက်မြိုက်စွာ ကျင်းပရေး (ဒုတိယအကြိမ်) လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး နှစ်ထပ်ဆောင် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

ရှင်းလင်းတင်ပြ

အစည်းအဝေး၌ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်က အဖွင့်အမှာစကားပြောကြားပြီး ပွဲတော်ကျင်းပရေးဦးစီးကော်မတီ၊ လုပ်ငန်းကော်မတီနှင့် ဆပ်ကော်မတီများက ကဏ္ဍများအလိုက် ဆောင်ရွက်ပြီးစီးမှု၊ ဆောက်ရွက်ဆဲနှင့် ဆက်လက်ဆောင်ရွက်မည့် အစီအစဉ်များကို ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။

၎င်းနောက် မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး သုံးထပ်ဆောင် အစည်းအဝေးခန်းမတွင် ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းခွင့်ပြု ရန်ပုံငွေဖြင့် တိုင်းဒေသကြီးအတွင်း အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိသည့် စီမံကိန်းလုပ်ငန်းများနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်း အဝေးကို ဆက်လက်ကျင်းပသည်။ အစည်းအဝေးတွင် တိုင်းဒေသကြီးဝန်ကြီးချုပ်က နိုင်ငံတော်၏အမျိုးသားအကျိုးစီးပွားနှင့် နိုင်ငံသူနိုင်ငံသားများ၏ လူမှုစီးပွားဘဝများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် မူဝါဒများချမှတ်၍ အရှိန်အဟုန်မြှင့် ဆောင်ရွက်နေပါကြောင်း၊ ဘဏ္ဍာနှစ် ငွေလုံးငွေရင်းခွင့်ပြု ရန်ပုံငွေများဖြင့် ဆောင်ရွက်ရသည့် လုပ်ငန်းများဖြစ်၍ ဘဏ္ဍာရေးစည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများနှင့်အညီ လေးစားလိုက်နာပြီး စိစစ် ကြပ်မတ်ကာ ထိရောက်စွာဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း၊ နိုင်ငံတော်၏မူဝါဒများ၊ မျှော်မှန်းချက်များနှင့် ရည်ရွယ်ချက်များ အောင်မြင်အောင်ကဏ္ဍအလိုက် တာဝန်ယူဆောင်ရွက်သည့် လုပ်ငန်းများအပေါ် တာဝန်ယူမှု၊ တာဝန်ခံမှုဖြင့် ယခင်ထက် ပိုမိုတိုးမြှင့် ကြိုးစားဆောင်ရွက်ကြရမည် ဖြစ်ပါကြောင်း ပြောကြားသည်။

ဆွေးနွေးတင်ပြ

ဆက်လက်၍ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးသိန်းဌေးက ဘဏ္ဍာရေး စည်းမျဉ်းစည်းကမ်းများနှင့်စပ်လျဉ်း၍ ဆွေးနွေးတင်ပြပြီး တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများက စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှု၊ပြီးစီးမှု၊ ကြုံတွေ့နေရသည့် အခြေအနေများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြရာ တိုင်းဒေသကြီးဝန်ကြီးချုပ်က ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်