Skip to main content

လှည်းကူးမြို့နယ် ညောင်နှစ်ပင်ကျေးရွာတွင် စက်မှုမြို့တော်စီမံကိန်းဖော်ဆောင်မည့် တာဝန်ရှိသူများနှင့် ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းတွေ့ဆုံ

ရန်ကုန် သြဂုတ် ၂၅

ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၊ ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါက်တာ ကျော်လင်း၊ မြန်မာနိုင်ငံဆိုင်ရာ ကိုရီးယားနိုင်ငံသံအမတ်ကြီး မစ္စတာလီဆောင်ဟွာနှင့် တာဝန်ရှိသူများသည် ယမန်နေ့ ညနေ ၃ နာရီ၌ လှည်းကူးမြို့နယ် ညောင်နှစ်ပင် ကျေးရွာတွင် Korea-Myanmar Industrial Complex (KMIC) ကိုရီးယား-မြန်မာ စက်မှုမြို့တော်စီမံကိန်း ဖော်ဆောင် မည့် တာဝန်ရှိသူ များနှင့် လုပ်ငန်းခွင်စီမံကိန်းရုံးတွင် တွေ့ဆုံသည်။

တွေ့ဆုံစဉ် Korea-Myanmar Industrial Complex  (KMIC) အဖွဲ့မှူး ဟုန်းဆောင်းဆူနှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန မြို့ပြနှင့် အိမ်ယာ ဖွံ့ဖြိုးရေးဦးစီးဌာန၊ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါ်အေးအေးမြင့်တို့က KMIC တည်ဆောက်ရေးစီမံကိန်း လက်ရှိဆောင်ရွက်ထားမှု အခြေအနေများနှင့် အနာဂတ်အစီအစဉ်များ KMIC ပြင်ပ အခြေခံအဆောက်အအုံ တည်ဆောက်ရေးလုပ်ငန်းများ ဆောင်ရွက်မည့်​ အခြေအနေများကို Power Point ဖြင့် ရှင်းလင်းတင်ပြရာ ဝန်ကြီးချုပ်မှ တင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းပေးပြီး လိုအပ်သည်များ ဖြည့်စွက်မှာကြားသည်။

ကိုရီယား-မြန်မာ စက်မှုမြို့တော်စီမံကိန်းကို ညောင်နှစ်ပင်ကျေးရွာရှိ မြေ ၅၅၆ ဧကပေါ်တွင် အကြီးစား၊ အလတ်စား၊ အသေးစား စက်မှု လုပ်ငန်းများ၊ အထည်ချုပ်လုပ်ငန်းများအတွက် စက်ရုံများ၊ စားသောက် ကုန်ထုတ်လုပ်မှုလုပ်ငန်းများ၊ လက်ဝတ်ရတနာပြုလုပ်သော စက်ရုံများ၊ မော်တော်ယာဉ်အပိုပစ္စည်း ထုတ်လုပ်ရေးစက်ရုံများ တည်ဆောက်သွားမည်ဖြစ်သည်။ ထို့အပြင် လူနေအိမ်ရာများ၊ စီးပွား‌ရေး လုပ်ငန်းသုံး အဆောက်အအုံများ၊ အသက်မွေးဝမ်းကျောင်း သင်တန်းအဆောက်အအုံများ၊ ရေထုတ်စနစ်၊ လျှပ်စစ်ဓာတ်အားပေး စက်ရုံ များ၊ စိမ်းလန်းစိုပြည်ရေး စီမံကိန်းများနှင့် ရေဆိုးသန့်စင်စက်ရုံများလည်း ပါဝင်မည်ဖြစ်ပြီး စီမံကိန်းပြီးစီးပါက အလုပ်အကိုင်ပေါင်း ၅၀,၀၀၀ မှ ၁၀၀,၀၀၀ ကြား ဖန်တီးပေးနိုင်မည် ဖြစ်ကြောင်း သိရသည်။

ကိုရီးယား-မြန်မာ စက်မှုမြို့တော်စီမံကိန်းကို  Korea Land and Housing Corporation နှင့် ဆောက်လုပ်ရေးဝန်ကြီးဌာန၊ မြို့ပြနှင့် အိမ်ရာ စီမံကိန်းဦးစီးဌာနတို့က တည်ဆောက်မည်ဖြစ်ပြီး ကုန်ကျစရိတ် အမေရိကန်ဒေါ်လာသန်း ၁၁၀ ခန့် ရှိမည်ဖြစ် ကြောင်း သိရသည်။

ဆန်းကျော်ဦး(ပြန်/ဆက်)