Skip to main content

မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးနှင့် စာအုပ်လှူဒါန်းပွဲ ကျင်းပ

ရန်ကုန် အောက်တိုဘာ ၂၄

မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း ဗဟိုအလုပ်အမှုဆောင်အဖွဲ့ အစည်းအဝေးနှင့် စာအုပ်လှူဒါန်းပွဲကို ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ သိမ်ဖြူလမ်း အမှတ်(၂၂၈)ရှိ မြန်မာနိုင်ငံစာကြည့်တိုက်များဖောင်ဒေးရှင်း အစည်းအဝေးခန်းမတွင်ပြုလုပ်ခဲ့သည်။

စာအုပ်လှူဒါန်းပွဲတွင် ဖောင်ဒေးရှင်းဥက္ကဋ္ဌ ဦးညွန့်ဆွေက ပြည်သူများအသိဉာဏ်ပညာဗဟုသုတများ ဖွံ့ဖြိုးတိုးတက်စေရန် ကျေးရွာနှင့်ရပ်ကွက်များတွင် ကိုယ့်အားကိုယ်ကိုးစာကြည့်တိုက်များတည်ထောင်၍ စာပေများဖတ်ရှုနိုင်ရန် စာအုပ်စာစောင်များ ဖြန့်ဝေပေးပို့လျက်ရှိပါကြောင်း၊ ဖောင်ဒေးရှင်းအနေဖြင့် စာအုပ်များ ဝယ်ယူထောက်ပံ့ပေးသကဲ့သို့ အလှူရှင်များလှူဒါန်းသည့် စာအုပ်များကိုလည်း ပေးပို့လှူဒါန်းပေးပါကြောင်း၊ စာကြည့်တိုက်များ၏အသက်မှာ စာအုပ်များဖြစ်ပါကြောင်း၊ စာအုပ်များရှိမှသာ စာဖတ်ရှုသူများဖတ်ရှုလေ့လာနိုင်မည်ဖြစ်ပါကြောင်း၊ အလှူရှင်များတိုးပွားလာသည်နှင့်အမျှ စာအုပ်များကို များများလှူဒါန်းနိုင်မည်ဖြစ်ပါကြောင်း၊ ထို့ကြောင့် စာအုပ်အလှူရှင်များ တိုးပွားရေးအတွက် စည်းရုံးပေးကြရန် မေတ္တာရပ်ခံပါကြောင်း ပြောကြားသည်။

ထို့နောက် အလှူရှင်က စာအုပ်များလှူဒါန်းရခြင်းအကြောင်း ရှင်းလင်းပြောကြားပြီး စာအုပ်များပေးအပ်လှူဒါန်းရာ ဗိုလ်မှူးကြီးစန်းလွင် (ငြိမ်း) သာသနာတော်ထွန်းကားပြန့်ပွားရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် (ငြိမ်း) က အလှူငွေကျပ် တစ်သိန်းနှင့် ငွေကျပ် ၁၀၆၈၀၀၀ တန်ဖိုးရှိ အုပ်ရေ ၃၆၀ ပေးအပ်လှူဒါန်းရာ ဥက္ကဋ္ဌ ဦးညွန့်ဆွေက လက်ခံရယူပြီး ဂုဏ်ပြုမှတ်တမ်းလွှာပြန်လည်ပေးအပ်၍ ကျေးဇူးတင်စကားပြောကြားခဲ့သည်။ ယနေ့ လှူဒါန်းမှုတွင် စာအုပ်ပေါင်း ၃၆၀ (တန်ဖိုးငွေကျပ် ၁၀၆၈၀၀၀ ခန့်) ဖြစ်ကြောင်းသိရသည်။ ထို့နောက် ဗဟိုအလုပ်အမှုဆောင် အဖွဲ့အစည်းအဝေးကို ဆက်လက်ကျင်းပရာ ရှေ့လုပ်ငန်းစဉ်များ ဆွေးနွေးညှိနှိုင်းခဲ့ကြောင်း သတင်းရရှိသည်။

သတင်းစဉ်