ဟားခါး သြဂုတ် ၂၅
ချင်းပြည်နယ် Coronavirus Disease 2019 (ကိုဗစ်-၁၉) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေးကော်မတီမှ ပြည်နယ်အတွင်းရှိ အဝင်အထွက်ဂိတ်များအပါအဝင် မြို့အဝင်ဂိတ်များ စိစစ်ကြပ်မတ်ရေး၊ စျေးဆိုင်များနှင့် စားသောက်ဆိုင်အရောင်းဆိုင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များနှင့်အညီ ဆက်လက်စိစစ် ဆောင်ရွက်နိုင်ရေးစသည့် လုပ်ငန်းများအပါအဝင် ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ် ကုသနိုင်ရေး သက်ဆိုင်ရာ လုပ်ငန်းကော်မတီများ၏ ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်မှုများ အဆင်ပြေ ချောမွေ့စေရေး ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေ ၃ နာရီအချိန်က ချင်းပြည်နယ် အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ရာ Coronavirus Disease 2019 (ကိုဗစ်-၁၉) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ၊ ချင်းပြည်နယ်ဝန်ကြီးချုပ် ဆလိုင်းလျန်လွယ်၊ အဖွဲ့ဝင် ပြည်နယ် အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ သက်ဆိုင်ရာ လုပ်ငန်းဆပ်ကော်မတီ အသီးသီးတို့မှ တာဝန်ရှိသူများ တက်ရောက် ခဲ့ကြသည်။
ရှေးဦးစွာ ချင်းပြည်နယ် Coronavirus Disease 2019 (ကိုဗစ်-၁၉) ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီဥက္ကဋ္ဌ ပြည်နယ်ဝန်ကြီးချုပ်က ပြည်နယ်အတွင်းရှိ အဝင်အထွက်ဂိတ်များ အပါအဝင် မြို့အဝင်ဂိတ်များ စိစစ်ကြပ်မတ်ရေး၊ စျေးဆိုင်များနှင့် စားသောက်ဆိုင်များ၊ အရောင်းဆိုင်များအား ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန၏ လမ်းညွှန်ချက်များ နှင့်အညီ ရောင်းချမှု ရှိ/မရှိ ဆက်လက်စိစစ် ဆောင်ရွက်နိုင်ရေး၊ Coronavirus Disease 2019 (ကိုဗစ်-၁၉) ကာကွယ်၊ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ညွှန်ကြားချက်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန်ထားသော လမ်းညွှန်ချက်များနှင့်အညီ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး လုပ်ငန်းများ အရှိန်အဟုန်မြှင့် ဆက်လက် ဆောင်ရွက်နိုင်ရေး ဝိုင်းဝန်းဆွေးနွေးကာ ပူးပေါင်း အကောင်အထည်ဖော် ဆောင်ရွက်ကြရန် အဖွင့်အမှာစကား ပြောကြားသည်။
ယင်းနောက် Community Based Facility Quarantine စိစစ်ကြီးကြပ်ရေး ဆပ်ကော်မတီဥက္ကဋ္ဌ ပြည်နယ် အစိုးရအဖွဲ့ အတွင်းရေးမှူး ဦးတိုးဝင်းက ချင်းပြည်နယ်အတွင်း Community Based Facility Qurantine ထားရှိမှု အခြေအနေ၊ Coronavirus Disease 2019 (ကိုဗစ်-၁၉)ကာကွယ်၊ ထိန်းချုပ်၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ လက်တလော ညွှန်ကြားချက်များ၊ ကျန်းမာရေးနှင့် အားကစား ဝန်ကြီးဌာနက ထုတ်ပြန်ထားသော လမ်းညွှန်ချက်များအပေါ် ပြည်နယ်အဆင့် ကော်မတီဝင်များ အနေဖြင့် စိစစ်ဆောင်ရွက်ရမည့် လုပ်ငန်းများကို ရှင်းလင်းတင်ပြပြီးနောက် သက်ဆိုင်ရာ ဆပ်ကော်မတီများက ကဏ္ဍအလိုက် ဆွေးနွေးတင်ပြကြသည်။
ထို့နောက် ချင်းပြည်နယ် Coronavirus Disease 2019 (ကိုဗစ်-၁၉)ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီအတွင်းရေးမှူး၊ ပြည်နယ်လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ဟန်ဝင်းအောင်နှင့် အဖွဲ့ဝင် ပြည်နယ်ဝန်ကြီးများက လုပ်ငန်းကော်မတီအလိုက် တင်ပြချက်များအပေါ် ဖြည့်ဆည်း ဆောင်ရွက်ရမည့် လုပ်ငန်းများ၊ Coronavirus Disease 2019 (ကိုဗစ်-၁၉)ရောဂါ ထိန်းချုပ်ရေး၊ ကုသရေး အမျိုးသားအဆင့် ဗဟိုကော်မတီ၏ ညွှန်ကြားချက်၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက ထုတ်ပြန် ထားသော လမ်းညွှန်ချက်များ နှင့်အညီ ကိုဗစ်-၁၉ရောဂါ ထိန်းချုပ်ရေးအတွက် လုပ်ငန်းလိုအပ်သည်များကို သက်ဆိုင်ရာလုပ်ငန်း ကော်မတီများအား ပေါင်းစပ်ညှိနှိုင်း ပေးခဲ့ကြသည်။
ယင်းနောက် ချင်းပြည်နယ် ဝန်ကြီးချုပ်က ကိုဗစ်-၁၉ ရောဂါ ထိန်းချုပ်ရေး လုပ်ငန်းများ အချိန်နှင့် တစ်ပြေးညီ ဆောင်ရွက်နိုင်ရေးနှင့် အရေးပေါ်တုန့်ပြန်ရေး လုပ်ငန်းများ ဆောင်ရွက်ရာတွင်လည်း သက်ဆိုင်ရာ ဌာနများက မိမိတို့ဌာနအလိုက် လုပ်ငန်းများကို စနစ်တကျ တာဝန်ပေးမှု၊ စီမံခန့်ခွဲ ဆောင်ရွက်မှုတွေဖြင့် စနစ်တကျဆောင်ရွက်နိုင်ရေး၊ လိုအပ်ပါကဌာနဆိုင်ရာ အချင်းချင်း ပူးပေါင်း ဆောင်ရွက်ကြရန် နိဂုံးချုပ် အမှာစကား ပြောကြားသည်။
မြင့်နိုင်စိုး ခရိုင်(ပြန်/ဆက်)