နေပြည်တော် အောက်တိုဘာ ၂၃
လူငယ်များအနေဖြင့် အချင်းချင်းပူးပေါင်း ဆောင်ရွက်တတ်စေရန်၊ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိစေရန်နှင့် အိမ်တွင်းအသေးစား တစ်နိုင်တစ်ပိုင် စီးပွားရေးလုပ်ငန်းများ လုပ်ကိုင်ရင်း ဘဝဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ လူသုံးကုန်ထုတ်လုပ်မှုနည်းပညာပေး သင်တန်းအမှတ်စဉ် (၂/၂၀၂၃)ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီတွင် နေပြည်တော် ဇမ္ဗူသီရိမြို့နယ် အထွေထွေ အုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။
ဦးစွာ အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဇင်မင်းထက်က လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် အသက်မွေးဝမ်းကျောင်းပညာရေးဖြင့် လက်တွေ့လုပ်ငန်း နယ်ပယ်တို့ ဆက်စပ်မှုပိုမိုအားကောင်းနိုင်စေရန်နှင့် မိသားစုတစ်နိုင်တစ်ပိုင်လုပ်ငန်းများမှ ဈေးကွက်ဝင်ထုတ်ကုန်များ ထုတ်လုပ်နိုင်စေရန်ရည်ရွယ်၍ ယခုသင်တန်းအား ဖွင့်လှစ်သင်ကြားပေးရခြင်းဖြစ်ကြောင်း၊ ယခုသင်တန်းတွင် လူများနေ့စဉ် အသုံးပြုလျက်ရှိပြီး လူသုံးများသည့် ပစ္စည်းများဖြစ်သော ခေါင်းလျှော်ရည်ပြုလုပ်နည်း၊ Hand Gel၊ ဆပ်ပြာတုံး၊ ဆပ်ပြာရည် ပြုလုပ်နည်းများကို စာတွေ့၊ လက်တွေ့သင်ကြားပို့ချပေးသွားမည်ဖြစ်၍ ဘေးအန္တရာယ် ကင်းရှင်းပြီး ကျန်းမာရေးနှင့်ညီညွတ်သည့် အရည်အသွေးကောင်းမွန်သော လူသုံးကုန်ပစ္စည်းများကို ကိုယ်တိုင်ထုတ်လုပ် ရောင်းချနိုင်ပြီး အသက်မွေးဝမ်းကျောင်း စီးပွားရေးလုပ်ငန်းတစ်ခုအဖြစ် မိမိတို့ လက်တွေ့လုပ်ငန်း နယ်ပယ်များတွင် ပြန်လည်အသုံးချ လုပ်ကိုင်ဆောင်ရွက်သွားနိုင်မည်ဖြစ်ကြောင်း၊ လူငယ်များအတွက် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာပေးသင်တန်းများသာမက စားသောက်ကုန်ထုတ်လုပ်မှုသင်တန်း၊ အခြေခံအိမ်တွင်း လျှပ်စစ်သွယ်တန်းခြင်းသင်တန်းများ ဖွင့်လှစ်ခြင်းအပြင် နေပြည်တော်ကောင်စီနှင့် တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ပုံမှန်ပညာရေးမသင်ယူနိုင်သည့် ထိခိုက်လွယ်အုပ်စုများတွင် ပါဝင်သူအသက် ၁၅ နှစ်မှ ၃၅ နှစ်ကြား သတ်မှတ်ချက်နှင့်ကိုက်ညီသည့် လူငယ်များကိုလည်း အသက်မွေးဝမ်းကျောင်း ပညာသင်ထောက်ပံ့ကြေးပေးအပ်နိုင်ရန် စီစဉ်ဆောင်ရွက်လျက်ရှိကြောင်း၊ လူငယ်များအနေဖြင့် မိမိတို့ဘဝ တိုးတက်အောင်ကြိုးစားပြီး ဖွံ့ဖြိုးတိုးတက်သည့် လူ့အဖွဲ့အစည်းကိုဖန်တီးရာတွင် ကိုယ်တိုင်ကိုယ်ကျ ပါဝင်နိုင်သူများဖြစ်အောင် ကြိုးစားကြစေလိုကြောင်း တိုက်တွန်းပြောကြားသည်။ ယင်းနောက် ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက သင်တန်းသား သင်တန်းသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့ပြီး သင်ထောက်ကူပစ္စည်းများကို လိုက်လံကြည့်ရှု လေ့လာသည်။
အခမ်းအနားသို့ နေပြည်တော်ကောင်စီအဖွဲ့ဝင် ဦးမြင့်စိုး၊ လူငယ်ရေးရာဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်နှင့် တာဝန်ရှိသူများ၊ ပြည်ထောင်စုနယ်မြေ (နေပြည်တော်)မှ လူငယ်ရေးရာ ကော်မတီအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများ၊ သင်တန်းသား သင်တန်းသူများ တက်ရောက်ခဲ့ကြသည်။
လူသုံးကုန်ထုတ်လုပ်မှု နည်းပညာပေး သင်တန်းအမှတ်စဉ်(၂/၂၀၂၃)ကို အောက်တိုဘာ ၂၃ ရက်မှ ၂၇ ရက်အထိဇမ္ဗူသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန စုပေါင်းရုံးအစည်းအဝေးခန်းမ၌ သင်တန်းသား သင်တန်းသူ ၃၀ ကို အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်နန်းကေခိုင်မြတ်ထွန်းက သင်ခန်းစာများ စာတွေ့လက်တွေ့သင်ကြား ပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်