Skip to main content

နည်းပညာဆိုင်ရာသုတေသနဖွံ့ဖြိုးရေးသင်တန်းဖွင့်လှစ်၊ နွား၊ ကြက်၊ ဝက်၊ ငါး မျိုးကောင်းမျိုးသန့် မွေးမြူထုတ်လုပ်ရေးဘာသာရပ်များ ပို့ချဆွေးနွေး

နေပြည်တော် အောက်တိုဘာ ၂၃

မွေးမြူရေးဆိုင်ရာ သုတေသနနှင့်နည်းပညာဖွံ့ဖြိုးရေးအတွက် နွား၊ ကြက်၊ ဝက်၊ ငါး မျိုးကောင်းမျိုးသန့် မွေးမြူထုတ်လုပ်ရေးသင်တန်းကို ယနေ့နံနက်ပိုင်းက နေပြည်တော် ရေဆင်းရှိ မွေးမြူရေးသုတေသနဦးစီးဌာန၌ကျင်းပရာ အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါက်တာအောင်ကြီး၊ ဒုတိယဝန်ကြီး ဒေါက်တာတင်ထွဋ်နှင့် တာဝန်ရှိသူများ၊ ကာကွယ်ရေးဝန်ကြီးဌာန ထောက်ပံ့နှင့်ပို့ဆောင်ရေးတပ် ညွှန်ကြားရေးမှူးရုံးနှင့် မြန်မာစီပီလိုက်(ဖ်) စတော့(ခ်)ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထား သော ဧည့်သည်တော်များ၊ သင်တန်းပို့ချပေးကြမည့် ပညာရှင်များ၊ သင်တန်းသား သင်တန်းသူများတက်ရောက်ကြသည်။

ပြောကြား

အခမ်းအနားတွင် ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီးက စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာနအနေဖြင့် လယ်ယာ၊ သား၊ ငါးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးနှင့် ခေတ်မီနည်းပညာများ အသုံးပြုပြီးဘက်စုံကဏ္ဍစုံတစ်ပြေးညီဖွံ့ဖြိုးတိုးတက်လာရေးကို ရည်မှန်းချက်၊ ဦးတည်ချက်ထားဆောင်ရွက်လျက်ရှိကြောင်း၊ စားရေရိက္ခာဖူလုံရေးနှင့် ပြည်သူများ၏ အာဟာရပြည့်ဝရေးအတွက် ပြောင်းလဲလာသည့် ရာသီဥတုနှင့်ညီညွတ်သော မွေးမြူရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်နိုင်ရန် သုတေသနရလဒ်ကောင်းများရရှိရေး၊ မျိုးကောင်းမျိုးသန့်များနှင့် နည်းပညာသစ်များ ရှာဖွေဖော်ထုတ်ပေးနိုင်ရေးကို ကြိုးပမ်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ သုတေသနလုပ်ငန်းများပြည့်ဝစွာ ဆောင်ရွက်နိုင်ရန်အတွက် သုတေသနပညာရပ်ဆိုင်ရာ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးရေးကိုလည်း စီမံဆောင်ရွက်သွားရန်လိုအပ်ကြောင်း၊ ယနေ့ နည်းပညာဆိုင်ရာသုတေသန ဖွံ့ဖြိုးရေးလုပ်ငန်းအဖြစ် နွား၊ ကြက်၊ ဝက်၊ ငါး မျိုးကောင်းမျိုးသန့် မွေးမြူထုတ်လုပ်ရေး သင်တန်းဖွင့်လှစ်ဆောင်ရွက်သကဲ့သို့ နည်းပညာပေးသင်တန်းများ တိုးချဲ့ဆောင်ရွက်နိုင်ရေး စီမံဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် မွေးမြူရေးသုတေသနဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာသန်းနိုင်ထွန်းက သင်တန်းဖွင့်လှစ်ရခြင်း၏ရည်ရွယ်ချက်နှင့် နွား၊ ကြက်၊ ဝက်၊ ငါး မွေးမြူမှုနှင့် ဆောင်ရွက်မည့် သုတေသနလုပ်ငန်းများကို ရှင်းလင်းတင်ပြသည်။

မြန်မာနိုင်ငံ၏ ဒေသရေမြေရာသီဥတုနှင့်ကိုက်ညီ၍ ရောဂါဒဏ်ခံနိုင်ပြီး ထုတ်လုပ်မှုကောင်းသည့် မျိုးကောင်းမျိုးသန့် တိရစ္ဆာန်များ မွေးမြူထုတ်လုပ်ရေး သုတေသနနည်းပညာသစ်များ ဖော်ထုတ်ဆောင်ရွက်နိုင်ရန် ရည်ရွယ်၍ ရက်သတ္တနှစ်ပတ်ကြာ ဖွင့်လှစ်မည့် အဆိုပါသင်တန်းတွင် သင်တန်းသားသင်တန်းသူ ၄၂ ဦး တက်ရောက် လေ့လာလျက်ရှိပြီး နွားမျိုးမြှင့် သားဖောက်ခြင်းနှင့် မျိုးကောင်းမျိုးသန့် မွေးမြူထုတ်လုပ်ခြင်းဆိုင်ရာ ဘာသာရပ်၊ ဒေသကြက်မျိုးမြှင့်တင်ခြင်းနှင့် မျိုးကောင်းမျိုးသန့် မွေးမြူထုတ်လုပ်ခြင်းဆိုင်ရာ ဘာသာရပ်၊ ဝက်မျိုးမြှင့်တင်ခြင်းနှင့် မျိုးကောင်းမျိုးသန့် မွေးမြူထုတ်လုပ်ခြင်းဆိုင်ရာ ဘာသာရပ်၊ ငါး၊ ပုစွန်အစာ အာဟာရဗေဒဘာသာရပ်နှင့် ငါးမျိုးမြှင့်သားဖောက်ခြင်းနှင့် မျိုးကောင်းမျိုးသန့် မွေးမြူထုတ်လုပ်ခြင်းဆိုင်ရာ ဘာသာရပ်များနှင့်စိုက်ပျိုးရေး၊ မွေးမြူရေးဖွံ့ဖြိုးတိုးတက်စေရန် ခေတ်မီနည်းပညာများ အသုံးချခြင်း ဘာသာရပ်များကို ပို့ချသွားကြမည်ဖြစ်ကြောင်း၊ ဆက်လက်၍ နွား၊ ကြက်၊ ဝက်မေထုန်မဲ့သားစပ်နှင့် ငါးသားပေါက်သင်တန်း များကိုလည်း ဖွင့်လှစ်ပေးသွားရန် စီမံထားရှိကြောင်း သိရသည်။

သတင်းစဉ်