မြစ်ကြီးနား အောက်တိုဘာ ၂၃
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင် ဦးခင်ဇော်သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်းဥပဒေနှင့်အညီ မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများက တင်ပြလာသည့် သတ်မှတ်ပါတီဝင် အင်အားစာရင်းများ မှန်ကန်စေရေးအတွက် ယနေ့နံနက်ပိုင်းတွင် မြစ်ကြီးနားခရိုင်အတွင်းရှိ မြစ်ကြီးနားမြို့နယ်နှင့် ဝိုင်းမော်မြို့နယ်တို့မှ မြို့နယ်အဆင့် ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် တွေ့ဆုံဆွေးနွေးသည်။
တွေ့ဆုံဆွေးနွေး
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် အဖွဲ့ဝင်သည် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ အဖွဲ့ဝင်ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ မြို့နယ်ရွေးကောက်ပွဲအရာရှိနှင့် အမှုထမ်းများကို ဝိုင်းမော်မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ လည်းကောင်း၊ မြစ်ကြီးနားခရိုင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး အစည်းအဝေးခန်းမ၌ လည်းကောင်း သီးခြားစီတွေ့ဆုံ၍ ပါတီဝင်အင်အားစာရင်းများ မှန်ကန်စွာပြည့်မီရေးအတွက် ပူးပေါင်းစိစစ်ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများ၏ တိုးတက်မှုအခြေအနေများနှင့် စိစစ်ခြင်းလုပ်ငန်းများကို ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ဆောင်ရွက်နိုင်ရေးအတွက် လိုက်နာဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များကို တွေ့ဆုံဆွေးနွေးမှာကြားသည်။
ကြည့်ရှုစစ်ဆေး
ထို့ပြင် ကော်မရှင်အဖွဲ့ဝင်သည် မြစ်ကြီးနား မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ မြစ်ကြီးနားမြို့နယ် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ပါတီဝင်အင်အားစာရင်းများကို ပါတီဝင်ဖြစ်ကြောင်း အသိအမှတ်ပြုထားသည့်မှတ်တမ်း၊ အထောက်အထားများဖြင့်လည်းကောင်း၊ မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၏ e-ID စနစ်နှင့် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲ၏ Admin DEO Software ဖြင့် လည်းကောင်း ပါတီကိုယ်စားလှယ်များနှင့်အတူ ပူးပေါင်းစိစစ်ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်