ရန်ကုန် သြဂုတ် ၂၄
ယဉ်ကျေးမှုအမွေအနှစ် ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေအရ ယဉ်ကျေးမှုအမွေအနှစ် ထိန်းသိမ်း စောင့်ရှောက်ရေး လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်မည့် တိုင်းဒေသကြီး သို့မဟုတ် ပြည်နယ် ထိန်းသိမ်းရေး ကော်မတီများတွင်ပါဝင်သည့် နိုင်ငံ့ဝန်ထမ်း မဟုတ်သော ကော်မတီအဖွဲ့ဝင်များက လုပ်ငန်းတာဝန်များ ထမ်းဆောင်ခြင်းအတွက် လစဉ် ချီးမြှင့်ငွေနှင့် စရိတ်ချီးမြှင့်နိုင်ရေး ကိစ္စနှင့်စပ်လျဉ်းသည့် အလုပ်ရုံ ဆွေးနွေးပွဲကို ယနေ့ နံနက် ၁၀ နာရီ က ရန်ကုန်မြို့ပြည်လမ်းရှိ ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန အမျိုးသားပြတိုက် (ရန်ကုန်) ၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ ဥပဒေ ပညာရှင်များ၊ ကမ္ဘာ့အမွေအနှစ်ဒေသများဖြစ်ကြသည့် ပုဂံ၊ ဟန်လင်း၊ ဗိဿနိုး၊ သရေခေတ္တရာမြို့ဟောင်းများ တည်ရှိရာ တိုင်းဒေသကြီးများ ဖြစ်ကြသည့် မကွေး၊ စစ်ကိုင်း ၊ မန္တလေးနှင့် ပဲခူးတိုင်းဒေသကြီး ယဉ်ကျေးမှုအမွေ အနှစ်များ ကာကွယ် ထိန်းသိမ်းရေးကော်မတီတို့မှ ကော်မတီဝင်များ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသား ပြတိုက်ဦးစီးဌာနမှ တာဝန်ရှိသူများ တက်ရောက် ဆွေးနွေးကြသည်။
ယဉ်ကျေးမှုအမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေး ဥပဒေကို ၂၀၁၉ ခုနှစ်တွင် အတည်ပြု ပြဋ္ဌာန်းခဲ့ပြီးဖြစ်ရာ အဆိုပါဥပဒေပါပြဋ္ဌာန်း ချက်များနှင့်အညီ ကမ္ဘာ့အမွေအနှစ် နှင့် အမျိုးသားအဆင့် ယဉ်ကျေးမှု အမွေအနှစ်များကို ကာကွယ် ထိန်းသိမ်းရန်အတွက် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များတွင် ဒေသဆိုင်ရာ ထိန်းသိမ်းရေးကော်မတီကို ဆက်စပ်ဝန်ကြီးဌာနများမှ နိုင်ငံ့ဝန်ထမ်းများနှင့် နိုင်ငံ့ဝန်ထမ်း မဟုတ်သည့် ကျွမ်းကျင်သူများဖြင့် ဖွဲ့စည်းခဲ့ပြီးဖြစ်ပြီး ယင်းကော်မတီဝင်များအနေဖြင့် မိမိတို့၏ လုပ်ငန်းတာဝန် လုပ်ဆောင်ရမည့် အချက်များနှင့် လုပ်ပိုင်ခွင့်များကို ဥပဒေ၊ နည်း ဥပဒေ၊ လုပ်ထုံး လုပ်နည်းများနှင့်အညီ စနစ်တကျစီမံဆောင်ရွက်နိုင်စေရန် ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက် သွားရန် အတွက် ယခုကဲ့သို့ အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပရခြင်း ဖြစ်သည်။
ဆွေးနွေးပွဲတွင် ပြည်ထောင်စု ရှေ့နေချုပ်ရုံး ဒုတိယညွှန်ကြားရေးမှူးချုပ် (ငြိမ်း) ဦးကျော်စိန်က ယဉ်ကျေးမှု အမွေအနှစ်ဒေသများ ကာကွယ်ထိန်းသိမ်းရေးဥပဒေနှင့် ပုဂံဒေသအတွက် ထုတ်ပြန်မည့် အမိန့် များနှင့် စပ်လျဉ်း၍ အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့ကြောင်းနှင့် အဆိုပါဆွေးနွေးပွဲကို သြဂုတ် ၂၅ ရက်အထိ ကျင်းပသွား မည်ဖြစ်ကြောင်း သိရသည်။
ရီရီမြင့်