Skip to main content

အိန္ဒိယတိုင်းရင်းဆေးဖက်ဝင်အပင်စာအုပ်များ၊ ယဉ်ကျေးမှု၊ စာပေ၊ သမိုင်းတို့နှင့်ပတ်သက်သော စာအုပ်များလှူဒါန်းပွဲ အခမ်းအနားကျင်းပ

နေပြည်တော် အောက်တိုဘာ ၂၂

မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယနိုင်ငံသံရုံးမှ မန္တလေးတိုင်းရင်းဆေးတက္ကသိုလ်စာကြည့်တိုက်သို့ အိန္ဒိယတိုင်းရင်းဆေးဖက်ဝင်ပင်စာအုပ် ၆၅ အုပ်အပါအဝင် အိန္ဒိယနိုင်ငံ၏ ယဉ်ကျေးမှု၊ စာပေ၊ သမိုင်းတို့နှင့်ပတ်သက်သော စာအုပ်ပေါင်း ၂၀၀ ခန့်အား လှူဒါန်းခဲ့ရာ လွှဲပြောင်းလက်ခံခြင်း အခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် မန္တလေးတိုင်းရင်းဆေးတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ ကျင်းပရာ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်ခိုင်ဝင်းနှင့် တာဝန်ရှိသူများ အိန္ဒိယနိုင်ငံ သံအမတ်ကြီး  Mr. Vinay Kumar၊ မန္တလေးတိုင်းဒေသကြီး အစိုးရ အဖွဲ့မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။ 

အခမ်းအနားတွင် အိန္ဒိယနိုင်ငံသံရုံး သံအမတ်ကြီး Mr. Vinay Kumar က စာအုပ်များလှူဒါန်းသည့် အကြောင်းရင်းကို ရှင်းလင်းပြောကြား၍ အိန္ဒိယနိုင်ငံနှင့် မြန်မာနိုင်ငံတို့အကြား တိုင်းရင်းဆေးကဏ္ဍအပါအဝင် ကျန်းမာရေးကဏ္ဍတွင် ပူးပေါင်းဆောင်ရွက် မှုအခွင့်အလမ်းများကို ဆွေးနွေးပြောကြားပြီး ယခုလှူဒါန်းမှုသည် မြန်မာနိုင်ငံနှင့် အိန္ဒိယနှစ်နိုင်ငံအကြား အာယုဗေဒနှင့် တိုင်းရင်းဆေးဝါးဆိုင်ရာ ပူးပေါင်းမှုအပြင် နှစ်နိုင်ငံအကြားယဉ်ကျေးမှုနှင့် သမိုင်းကြောင်းဆိုင်ရာ ပိုမိုသိနားလည်မှုကို  တိုးမြှင့်ပေးနိုင်မည်ဟု ယုံကြည်ပါကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မြန်မာနိုင်ငံနှင့် အိန္ဒိယနှစ်နိုင်ငံတို့သည် ကျန်းမာရေးကဏ္ဍတွင် ကာလရှည်ကြာ ပူးပေါင်းဆောင်ရွက်မှုများ ရှိပါကြောင်း၊ အိန္ဒိယနိုင်ငံအနေဖြင့် ကိုဗစ်-၁၉ ကပ်ရောဂါကာလအတွင်း ကိုဗစ်-၁၉ ကာကွယ်ဆေးများ၊  Oxygen plantနှင့် ဆေးပစ္စည်းများကို လှူဒါန်းခဲ့သည့်အပြင် မိုခါဆိုင်ကလုန်းသဘာဝဘေးအန္တရာယ်ကာလတွင်လည်း အရေးပေါ်အစားအသောက်၊ ဆေးနှင့်ဆေးပစ္စည်းများ လှူဒါန်းခဲ့သဖြင့် ကျေးဇူးတင်ရှိပါကြောင်း၊ ယခု ကဲ့သို့ တိုင်းရင်းဆေးဝါးဆိုင်ရာ စာအုပ်များလှူဒါန်းမှုသည် မြန်မာနိုင်ငံ၏တိုင်းရင်း ဆေးဝါးကဏ္ဍဖွံ့ဖြိုးတိုးတက်မှုတွင်လည်း အထောက်အကူပြုစေမည်ဖြစ်ပါကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် တိုင်းရင်းဆေးပညာကဏ္ဍတွင် ဒေသတွင်းနိုင်ငံများနှင့်ပူးပေါင်းဆောင်ရွက်၍ တိုင်းရင်းဆေးပညာ အရည်အသွေးဖွံ့ဖြိုးတိုးတက်ရေးကို ဆောင်ရွက်သွားမည်ဖြစ်ပါကြောင်း ပြောကြားသည်။

ထို့နောက် လှူဒါန်းပစ္စည်းများကို အိန္ဒိယနိုင်ငံ သံအမတ်ကြီးက ပြည်ထောင်စုဝန်ကြီးအား လွှဲပြောင်းပေးအပ်ပြီး ပြည်ထောင်စုဝန်ကြီးက ကျေးဇူးတင်ဂုဏ်ပြုလွှာကို  ပြန်လည်ပေးအပ်ကာ  အမှတ်တရဓာတ်ပုံများရိုက်ကူး၍  အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

ဆက်လက်၍ မန္တလေးတိုင်းရင်းဆေးတက္ကသိုလ် စာကြည့်တိုက်ကို လှည့်လည်ကြည့်ရှုပြီး အိန္ဒိယနိုင်ငံနှင့်ပူးပေါင်း၍ တိုင်းရင်းဆေးတက္ကသိုလ်၏ E-libraryဖွံ့ဖြိုးတိုးတက်မှုဆောင်ရွက်သွားမည့် အခြေအနေများ ဆွေးနွေးသည်။ ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် သံအမတ်ကြီးတို့သည် တိုင်းရင်းဆေးတက္ကသိုလ်ပြခန်းတို့ကို လှည့်လည်ကြည့်ရှု၍ နှစ်နိုင်ငံအကြား ကျန်းမာရေးကဏ္ဍတွင် ပိုမိုပူးပေါင်းဆောင်ရွက်ရေးကိစ္စရပ်များကို ရင်းနှီးစွာဆွေးနွေးခဲ့ကြသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ခုတင်-၅၅၀ဆံ့ ကလေးဆေးရုံကြီး-မန္တလေးသို့ ရောက်ရှိပြီး ဖျားနာဆောင်၊ မွေးကင်းစကလေးကုသဆောင်၊မွေးကင်းစကလေး အထူးကြပ်မတ် ကုသဌာနနှင့် ခွဲစိတ်ခန်း၊ဓာတ်ခွဲခန်းများသို့ လှည့်လည်ကြည့်ရှု၍ ဆေးကုသမှုဆောင်ရွက်ပေးနေသည့်အခြေအနေများကို ကြည့်ရှုကာ လူနာများ၏ လိုအပ်ချက်များကို ညှိနှိုင်းဖြည့်ဆည်းပေးသည်။ထို့နောက် အစည်းအဝေးခန်းမ၌ဝန်ထမ်းများနှင့် တွေ့ဆုံ၍ အမှာစကားပြောကြားပြီး တင်ပြချက်များကို ညှိနှိုင်းဖြည့်ဆည်းပေးသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် မန္တလေးပြည်သူ့ဆေးရုံကြီးသို့ သွားရောက်၍ ကင်ဆာဓာတ်ရောင်ခြည်စက်သစ် (Linear Accelerator, Elekta)ဖြင့် ကုသမှုပေးနေခြင်းကို ကြည့်ရှုခဲ့ပြီး လူနာများကို အာဟာရစားစရာများ ထောက်ပံ့ပေးသည်။ ထို့နောက်ဓာတ်ရောင်ခြည် ဌာနရှိ တာဝန်ခံအထူးကုဆရာဝန်၊ သူနာပြု၊ ကျွမ်းကျင် ဝန်ထမ်းများအား  တွေ့ဆုံ၍ လိုအပ်ချက်များကို ညှိနှိုင်းဖြည့်ဆည်းပေးခဲ့ပြီး ထောက်ပံ့ချီးမြှင့်ငွေများ ချီးမြှင့်သည်။

အဆိုပါ ဓာတ်ရောင်ခြည်စက်အသစ်ကြီးကို အောက်တိုဘာလဆန်း၌ တပ်ဆင်ပြီးစီးခဲ့ကာ အောက်တိုဘာ ၆  ရက်မှစတင်၍ လူနာများ ဓာတ်ရောင်ခြည်ဖြင့် ကုသမှုခံယူနိုင်ရေး စောင့်ဆိုင်းနေရသည့်ကာလ လျော့နည်းစေရန် သက်ဆိုင်ရာအထူးကုဆရာဝန်ကြီးများ၊ သူနာပြုများနှင့် ကျွမ်းကျင်ဝန်ထမ်းများက ရုံးဖွင့်ရက်များအပြင် စနေ၊ တနင်္ဂနွေ ရုံးပိတ်ရက်များ၌ပါ ဓာတ်ရောင်ခြည်ဖြင့် ကုသမှုများ တိုးချဲ့ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

သတင်းစဉ်