မင်းဘူး အောက်တိုဘာ၂၂
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ်အတွင်းရှိ အထင်ကရနေရာများနှင့် မင်းဘူးရွှေစက်တော်ဘုရားသို့သွားသော လမ်းတစ်လျှောက်ကို ရွှေစက်တော်ဘုရားပွဲတော်အမီ ခရီးသွားမြှင့်တင်ခြင်းလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်သည်။
မင်းဘူး(စကု)မြို့နယ်၏ တန်ခိုးကြီးဘုရားများနှင့် လေ့လာစရာအထင်ကရနေရာများကို အနယ်နယ်အရပ်ရပ်မှ ဘုရားဖူးလာခရီးသွားပြည်သူများအနေဖြင့် လာရောက်ကြည့်ရှုလေ့လာပြီး စေတီပုထိုးများအား ဖူးမြော်ကြည်ညိုရာတွင် အဆင်ပြေချောမွေ့စေရန်အတွက် နိုဝင်ဘာလဆန်းပိုင်းမှစတင်ကာ အထင်ကရနေရာများတွင် တည်ဆောက်ပြုပြင်ခြင်းနှင့် ရွှေစက်တော်ဘုရားသွားသော လမ်းဘေးဝဲ-ယာ ၁၃ မိုင်နှင့် ဘုရားအဝင်ဂိတ်စခန်းတို့တွင် Flower box များနှင့် အရိပ်ရသစ်ပင်များ စိုက်ပျိုးသွားမည်ဖြစ်ကြောင်း ခရိုင်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းဝင်းထံမှ သိရသည်။
ရွှေစက်တော်ဘုရားပွဲရာသီမှာ တပို့တွဲလဆန်း ၅ ရက်မှ မြန်မာနှစ်ဆန်း ၁ ရက်အထိ သုံးလတိုင်တိုင် ကျင်းပလေ့ရှိပြီး မြန်မာ့တစ်ဆယ့်နှစ်လရာသီပွဲတော်များထဲတွင် ရက်ရှည်ကျင်းပသောပွဲတော်တစ်ခုဖြစ်သည်။
ယခင်နှစ်များတွင် ပွဲတော်ကျင်းပသည့်အခါ အထက်စက်တော်ရာ၊ အောက်စက်တော်ရာ၊ ပါဒစေတီနှစ်ဆူသာ လူသိများပြီး ဖူးမြော်ကြကာ ယခုအခါ မင်းဘူးမြို့ပေါ်မှ တန်ခိုးကြီးစေတီပုထိုးများနှင့် အခြားအထင်ကရနေရာများလည်း အသစ်ပြန်လည်တည်ဆောက်ပြုပြင်နေပြီဖြစ်ရာ အနယ်နယ်အရပ်ရပ်မှ ခရီးသွားပြည်သူများအနေဖြင့် မင်းဘူးဒေသရှိ အထင်ကရနေရာများကို စိတ်ကြည်လင်အေးချမ်းစွာ ကြည့်ရှုလေ့လာဖူးမြော်နိုင်မည်ဖြစ်ကြောင်း သိရသည်။
ဇေယျာထက်(မင်းဘူး)