Skip to main content

ရွှေကြာပင်ကျောက်မျက်နှင့် လက်ဝတ်ရတနာသက်မွေးမှုနည်းပညာသင်တန်းကျောင်းအတွက် သင်ထောက်ကူပစ္စည်းများ လှူဒါန်းမှုအပေါ် ဂုဏ်ပြုမှတ်တမ်းလွှာ ပေးအပ်ပွဲအခမ်းအနားကျင်းပ

နေပြည်တော်  အောက်တိုဘာ  ၂၂

သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယနေ့နံနက် ၁၀ နာရီက မဏိရတနာကျောက်စိမ်းခန်းမ အစည်းအဝေးခန်းတွင် ကျင်းပသည့် တရုတ်- မြန်မာ နှစ်နိုင်ငံ ကျောက်မျက်ရတနာနှင့် ကျောက်စိမ်းလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးနှင့် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရန်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ဖျင်ကျိုးလက်ဝတ်ရတနာနှင့် ကျောက်စိမ်းအသင်း၊ ရန်ရန်ဟို နိုင်ငံတကာလက်ဝတ်ရတနာကုမ္ပဏီလီမိတက်တို့က နေပြည်တော်ရှိ ရွှေကြာပင်ကျောက်မျက်နှင့် လက်ဝတ်ရတနာသက်မွေးမှုနည်းပညာသင်တန်းကျောင်းအတွက် သင်ထောက်ကူပစ္စည်း ခြောက်မျိုး၊ အရေအတွက် ၆၈ ခု လှူဒါန်းမှုအပေါ် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ပွဲအခမ်းအနားသို့တက်ရောက်၍ ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်သည်။

တက်ရောက်

အဆိုပါ အခမ်းအနားကို သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းသူ၊ ဦးဆောင်ညွှန်ကြားရေးမှူးများ၊ မြန်မာနိုင်ငံကျောက်မျက်ရတနာလုပ်ငန်းရှင်များအသင်းမှ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ဖျင်ကျိုးလက်ဝတ်ရတနာနှင့် ကျောက်စိမ်းအသင်း၊ တက်ဟုန်းပြည်နယ်ခွဲ ကုန်သည်ကြီးများအသင်း၊ ရွှေလီကျောက်မျက်နှင့် ကျောက်စိမ်းအသင်း၊ ရင်ကျန်းကျောက်မျက်နှင့် ကျောက်စိမ်းအသင်း၊  ကျဲယန်းကျောက်မျက်နှင့် ကျောက်စိမ်းအသင်း၊ ရန်ရန်ဟို နိုင်ငံတကာလက်ဝတ်ရတနာကုမ္ပဏီလီမိတက်တို့မှ ဥက္ကဋ္ဌများ၊ ဒုတိယဥက္ကဋ္ဌများနှင့် အုပ်ချုပ်မှုဒါရိုက်တာများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ယခုကဲ့သို့ သင်ထောက်ကူပစ္စည်း လှူဒါန်းခြင်းကို အထူးကျေးဇူးတင်ရှိပါကြောင်း ကျောက်မျက်ရတနာအချောထည်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် အထောက်အကူဖြစ်စေပါကြောင်း ပြောကြာပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများနှင့် မြန်မာ့ကျောက်မျက်ရတနာပြပွဲဆိုင်ရာကိစ္စရပ်များ၊ ကျောက်မျက်ရတနာအချောထည် ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာဆွေးနွေးသည်။

ဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည်သင်ထောက်ကူပစ္စည်းများ လှူဒါန်းခဲ့သည့် ဖျင်ကျိုးလက်ဝတ်ရတနာနှင့် ကျောက်စိမ်းအသင်းနှင့် ရန်ရန်ဟို နိုင်ငံတကာလက်ဝတ်ရတနာကုမ္ပဏီလီမိတက်တို့မှ တာဝန်ရှိသူများကိုဂုဏ်ပြုမှတ်တမ်းလွှာများ ပေးအပ်ခဲ့ကြောင်းသိရသည်။

သတင်းစဉ်