Skip to main content

ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျ Nuclear Technology ဌာနရှိ စာသင်ခန်းနှင့် လက်တွေ့ခန်းများ ပြင်ဆင်ထားမှု အခြေအနေများကို ကြည့်ရှုစစ်ဆေး

နေပြည်တော် အောက်တိုဘာ ၂၂

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ဇေယျသည် ယနေ့တွင် ကျောက်ဆည်မြို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနအောက်ရှိ ဌာနများ၌ ကြည့်ရှုစစ်ဆေးသည်။

ကြည့်ရှုစစ်ဆေးစဉ် ဒုတိယဝန်ကြီးက နိုင်ငံတော်မှ ချမှတ်ထားသော အမျိုးသားရေးလုပ်ငန်းစဉ်များ အောင်မြင်အောင်ဆောင်ရွက်ရာတွင် လက်တွေ့ကျကျ ထိထိရောက်ရောက်အထောက်အကူပြုနိုင်မည့် အရည်အသွေးပြည့်မီသော နည်းပညာရှင်များ၊ သုတေသီများ မွေးထုတ်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ MSMEs စက်မှုလုပ်ငန်းများ ဖွံ့ဖြိုးရေး နည်းပညာဖြန့်ဝေပေးမှုများ မြှင့်တင်ဆောင်ရွက်ရန်၊ ပြည်သူတစ်ဦးချင်းစီ၏ လူမှုစီးပွားဘဝတိုးတက်အောင်  ရည်မှန်းချက်ထားဆောင်ရွက်ခြင်းဖြင့် နိုင်ငံတစ်ဝန်းလုံးဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်နေသည်ဖြစ်ရာ ယင်းအတွက် တစ်တပ်တစ်အားဖြစ်စေမည့် နည်းပညာ၊ သက်မွေးပညာ သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်ရန်၊ ဗလငါးတန်နှင့် ပြည့်စုံသော မျိုးဆက်သစ်နည်းပညာရှင်များကို မြေတောင်မြှောက်ပေးနိုင်ရေး ကြိုးပမ်းဆောင်ရွက်ရန်၊ ဆက်စပ်ဝန်ကြီးဌာနများ/ သုတေသနဌာနများ/ တက္ကသိုလ်များနှင့်အတူ နိုင်ငံတော်နှင့် ပြည်သူများ၏ ရေရှည်အကျိုးစီးပွားကို ဖြစ်ထွန်းစေမည့် သုတေသနစီမံကိန်းများ ပူးပေါင်းဆောင်ရွက်ရန် လိုအပ်ကြောင်း ပြောကြားသည်။

ယင်းနောက် ဒုတိယဝန်ကြီးသည် Nuclear Technology ဌာနရှိ စာသင်ခန်းနှင့် လက်တွေ့ခန်းများ ပြင်ဆင်ထားမှုအခြေအနေများကို ကြည့်ရှုစစ်ဆေးကာ ရုရှားဖက်ဒရေးရှင်းနိုင်ငံ National Research Nuclear University (Moscow Engineering Physics Institute-MEPhI) တက္ကသိုလ်နှင့် ပူးပေါင်းဆောင်ရွက်ရေးနားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးပြီးဖြစ်၍ ယင်းအတွက် လိုအပ်သည်များ ပြင်ဆင်ဆောင်ရွက်ထားရန် မှာကြားသည်။  

ဆက်လက်၍ ဒုတိယဝန်ကြီးသည် တစိုးရွာရှိ ကောင်းရာဇာ ဆန်စက်၌ စပါးခွံလောင်စာသုံး Gasifierစက်ကို ကြည့်ရှုစစ်ဆေးပြီး SOPများအတိုင်း လိုက်နာဆောင်ရွက်ရန်နှင့် လိုအပ်သည်များကို မှာကြားသည်။

မွန်းလွဲပိုင်း၌ ဒုတိယဝန်ကြီးသည် အစိုးရစက်မှုလက်မှုသိပ္ပံ (ကျောက်ဆည်) သို့ ရောက်ရှိပြီး ဝန်ထမ်းများနှင့်တွေ့ဆုံ၍ ကျောင်းသားကျောင်းသူများ လက်တွေ့သုတေသနဆောင်ရွက် နေမှုများကို ကြည့်ရှုအားပေးသည်။ ထို့နောက် ဒုတိယဝန်ကြီးသည် ဇီဝနည်းပညာသုတေသန ဦးစီးဌာနသို့ ရောက်ရှိပြီး မျိုးဗီဇဆိုင်ရာ သုတေသနဓာတ်ခွဲခန်း၊အဏုဇီဝဓာတ်ခွဲခန်းတို့တွင် သုတေ သနလုပ်ငန်းများ ဆောင်ရွက်မှုကို ကြည့်ရှုစစ်ဆေးပြီး စိုက်ပျိုးမွေးမြူရေးလုပ်ငန်းများနှင့် မြန်မာ့ တိုင်းရင်းဆေး ဖွံ့ဖြိုးတိုးတက်ရေးပံ့ပိုးပေးနိုင်မည့် သုတေသနလုပ်ငန်းများ ဆောင်ရွက်ရန်နှင့် လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်