နေပြည်တော် အောက်တိုဘာ ၂၂
ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေး ဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် မလေးရှားနိုင်ငံ ဖက်ဒရယ်တရားရုံးချုပ် တရားသူကြီးချုပ် The Hon. Tun Tengku Maimun binti Tuan Mat ၏ ဖိတ်ကြားချက်အရ မလေးရှားနိုင်ငံဖက်ဒရယ်တရားရုံးချုပ်မှ ကြီးမှူး၍ အောက်တိုဘာ ၁၈ ရက်မှ ၂၁ ရက်အထိ ကွာလာလမ်ပူမြို့တွင် ကျင်းပသည့် “အာဆီယံတရားသူကြီးချုပ်များ ကောင်စီ၏ ဆယ်နှစ်တာလုပ်ငန်းစဉ်များ ပြန်လည်သုံးသပ်ရန်နှင့် ရှေ့လုပ်ငန်းစဉ်များချမှတ် ရန်အတွက် ပြန်လည်သုံးသပ်သည့် အစည်းအဝေး (Council of ASEAN Chief Justices (CACJ) Retreat)” သို့ တက်ရောက်ခဲ့သည်။
ပြည်ထောင်စုတရားသူကြီးချုပ် ဦးသာဌေးသည် အာဆီယံတရားသူကြီးချုပ်များကောင်စီ (CACJ) အဖွဲ့ဝင်များဖြစ်သည့် အာဆီယံနိုင်ငံများမှ တရားသူကြီးချုပ်များနှင့်အတူ အောက်တိုဘာ ၁၉ ရက်တွင် ပူထရာဂျာယားမြို့ရှိ မလေးရှားနိုင်ငံ ဖက်ဒရယ်တရားရုံးချုပ်သို့ သွားရောက်ကာ မလေးရှားနိုင်ငံ တရားရုံးများ၌ ဉာဏ်ရည်တုနည်းပညာအသုံးပြုဆောင်ရွက်ခြင်းကို လေ့လာပြီး၊ အာဆီယံတရားသူကြီးချုပ်များကောင်စီ၏ ဆယ်နှစ်တာအထိမ်းအမှတ် တံဆိပ်ခေါင်းပြပွဲအပါအဝင် မလေးရှားတရားရုံးချုပ်က ဆောင်ရွက်သည့် အာဆီယံတရားသူကြီးချုပ်များကောင်စီက ချမှတ်ခဲ့သည့် စံပြမူများ(Model Rules) မိတ်ဆက်ရှင်းလင်းပွဲသို့ တက်ရောက်ခဲ့သည်။
ဆက်လက်၍ အောက်တိုဘာ ၂၀ ရက်တွင် “အာဆီယံတရားသူကြီးချုပ်များကောင်စီ၏ ဆယ်နှစ်တာလုပ်ငန်းစဉ်များ ပြန်လည်သုံးသပ်ရန်နှင့် ရှေ့လုပ်ငန်းစဉ်များ ချမှတ်ရန်အတွက် ပြန်လည်သုံးသပ်သည့် အစည်းအဝေး”ကို မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့ရှိ ရှန်ဂရီလာဟိုတယ်၌ ကျင်းပရာ အဆိုပါအစည်းအဝေးသို့ ပြည်ထောင်စုတရားသူကြီးချုပ်နှင့်အတူ အာဆီယံတရားသူကြီး ချုပ်များကောင်စီ (CACJ) အဖွဲ့ဝင်များဖြစ်သည့် အာဆီယံနိုင်ငံများမှ တရားသူကြီးချုပ်များ တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးတွင် ကောင်စီအလှည့်ကျဥက္ကဋ္ဌဖြစ်သူ မလေးရှားနိုင်ငံ ဖက်ဒရယ်တရားရုံးချုပ် တရားသူကြီးချုပ် The Hon. Tun Tengku Maimun binti Tuan Mat က ကြိုဆိုနှုတ်ခွန်းဆက်စကားပြောကြားခဲ့ပြီး အာဆီယံတရားသူကြီးချုပ်များကောင်စီ၏ ဆယ်နှစ်တာလုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ်ပြီး၊ ရှေ့လုပ်ငန်းစဉ်များ ချမှတ်ရန်အတွက် ဆွေးနွေးကြသည့် အကြောင်းအရာများအပေါ် ပြည်ထောင်စုတရားသူကြီးချုပ်က အာဆီယံတရားသူကြီးချုပ်များနှင့်အတူ ပါဝင်ဆွေးနွေးခဲ့သည်။
အဆိုပါ အစည်းအဝေးသို့ ပြည်ထောင်စုတရားသူကြီးချုပ်နှင့်အတူ ပြည်ထောင်စုတရား လွှတ်တော်ချုပ်မှ တာဝန်ရှိသူများ တက်ရောက်ခဲ့ကြကြောင်း သတင်း ရရှိသည်။
သတင်းစဉ်