Skip to main content

ဖြစ်ပေါ်လာနိုင်သည့်အန္တရာယ်ကို သတိမူ

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ဗိုင်းရပ်စ်ပိုးတွေ့ရှိမှု အခြေအနေမှာ ဩဂုတ် ၁၅ ရက်နေ့က ၃၇၄ ဦးရှိရာမှ သြဂုတ် ၂၄ ရက်နေ့တွင် ၄၇၄ ဦး ရှိလာသည်။ တစ်ပတ်ကျော်ကာလအတွင်း ရောဂါပိုး တွေ့ရှိသူများ တိုးလာသည်မှာ နိုင်ငံ၏ ပကတိအနေအထားနှင့် လူဦးရေအရ ကူးစက်မှုမြန်နေသည်ဟု ဆိုရမည်ဖြစ်သည်။ အမှန်တွင် မြန်မာနိုင်ငံသည် ကိုဗစ်-၁၉ ရောဂါနှင့် ပတ်သက်၍ အတိုင်းအတာ တစ်ခုအထိ ထိန်းချုပ်ထားနိုင်ခဲ့သည်။

ကိုဗစ်-၁၉ ရောဂါပိုးတွေ့ရှိမှုနှင့်ပတ်သက်၍ ပြည်တွင်းပိုးတွေ့ရှိမှုနှင့် ပြည်ပပိုးတွေ့ရှိမှု နှစ်မျိုးရှိရာ ပြည်ပရောဂါပိုး တွေ့ရှိမှုကို စိုးရိမ်ပူပန်မှု ကြီးကြီးမားမားမရှိဘဲ ထိန်းချုပ်ထားနိုင်ပြီး ပြည်တွင်းရောဂါပိုး တွေ့ရှိမှုကိုမူ စိုးရိမ်ပူပန်စရာ ထိန်းချုပ်ကြရသည်။ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ အများဆုံး တွေ့ရှိရာဒေသမှာ ရန်ကုန်မြို့ဖြစ်သည်။ အစောပိုင်းကာလက ရန်ကုန်မြို့တွင် ပြည်တွင်းကူးစက်မှု ရှိခဲ့သော် လည်း အတိုင်းအတာတစ်ခု၌ နိုင်နင်းအောင် ထိန်းချုပ်နိုင်ခဲ့သည်။

ယခုအခါ မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်မှုနှုန်း မြင့်မားနေသည်ကိုတွေ့ရမည်။ ဩဂုတ်၂၃ ရက်နေ့က ပိုးတွေ့လူနာ ၄၅၀ ရှိပြီး နောက်တစ်ရက်တွင် ၄၇၀ ကျော် ဖြစ်လာသည်။ ရက်သတ္တပတ် အတွင်း ရောဂါပိုးတွေ့လူနာသစ်အများစုသည် ရခိုင်ပြည်နယ် စစ်တွေမြို့မှ ဖြစ်သည်။ ကမ္ဘာပေါ်တွင် ကိုဗစ်-၁၉ ရောဂါကူးစက်မှု မြန်ဆန်လာခြင်းသည် ရောဂါမျိုးဗီဇပြောင်းလဲမှုနှင့် သက်ဆိုင်ခြင်းရှိ၊ မရှိ ဆန်းစစ် လေ့လာကြသည်။ ယခုအခါ ကိုရိုနာဗိုင်းရပ်စ်ပိုး မျိုးဗီဇသစ်ကို တွေ့ရှိလာကြသည်။ မျိုးဗီဇ သစ်သည် အာဖရိကမှလွဲ၍ နိုင်ငံများတွင် တွေ့ရှိလာကြပြီး အရှေ့တောင်အာရှတွင် အတော်များများ တွေ့ရှိလာကြသည်။

ကမ္ဘာ့နိုင်ငံအသီးသီးတွင် ကိုဗစ်-၁၉ ရောဂါ စတင်ဖြစ်ပွားခါစတွင် တွေ့ရှိခဲ့သည့် ဗိုင်းရပ်စ်မျိုးဗီဇသည် D 614 ဖြစ်ခဲ့ပြီး ယခုနောက်ပိုင်းတွင် G 614 သို့ မျိုးဗီဇပြောင်းလဲသွားသည်။ မျိုးဗီဇအသစ်သည် ယခင်မျိုးဗီဇ အဟောင်းထက် ကူးစက်နိုင်စွမ်း ၁၀ ဆခန့် ပိုမိုမြန်ဆန်သည်ဟု သိရသည်။ မြန်မာနိုင်ငံတွင် လွန်ခဲ့သည့် နှစ်လကတည်းက ကိုဗစ်-၁၉ ဗိုင်းရပ်စ်ပိုး မျိုးဗီဇပြောင်းလဲမှု ရှိ၊ မရှိ စမ်းသပ်စစ်ဆေးခဲ့ရာ ဓာတ်ခွဲနမူနာ ၁၀ ခုတွင် ခြောက်ခုမှာ ကူးစက်မှုနှုန်းမြန်ဆန်သည့် G614 ဖြစ်သည်ဟု ပညာရှင်များက ဖော်ထုတ်အတည်ပြုခဲ့သည်။ ယခုတွေ့ရှိနေသော ရောဂါပိုးသစ်တွေ့ရှိမှု များမှာ မြန်ဆန်နေသဖြင့် အထူးသတိပြုကြရမည် ဖြစ်သည်။

ယခင်ဗိုင်းရပ်စ်ပိုးသည် အလှမ်းနီးမှ ကူးစက်နိုင်သော်လည်း ယခု အသစ်တွေ့ရှိသော မျိုးဗီဇ ပြောင်းလဲသည့် ဗိုင်းရပ်စ်ပိုးသစ်မှာ အလှမ်း ဝေးဝေး ကူးစက်နိုင်သည်ကို သတိပြုရမည် ဖြစ်သည်။ မျိုးဗီဇအသစ်သည် ပတ်ဝန်းကျင်လေထုထဲတွင် ဗိုင်းရပ်စ်ပိုးများ ပျံ့နှံ့နိုင်သည်ဟု သိရသည်။ မည်သူမည်ဝါ၊ မည်သည့်နေရာမှ ပျံ့နှံ့နေမှန်းမသိနိုင်သည့် ရောဂါပိုးများကို လေထဲမှတစ်ဆင့် ရှူရှိုက် မိနိုင်သည်။ ထို့ကြောင့် ပြည်သူများအနေဖြင့် လုံးဝမပေါ့မဆဘဲ ရောဂါကာကွယ်ရေး နည်းစနစ်များကို အတိအကျလိုက်နာကြဖို့ လိုအပ်ပါသည်။

မြန်မာနိုင်ငံရှိ ကျန်းမာရေးဝန်ထမ်းများသည် ပြည်သူများ ရောဂါဘေး ကင်းဝေးရေးအတွက် စိတ်ဆန္ဒ စေတနာထက်သန်စွာဖြင့် ကိုဗစ်-၁၉ ရောဂါကို ကာကွယ်၊ ထိန်းချုပ်၊ ကုသပေးနေကြသည်။ ရောဂါ ထိန်းချုပ်ရေးကို ကျန်းမာရေးနှင့် ဒေသန္တရ အုပ်ချုပ်ရေးပိုင်းဆိုင်ရာတို့က အလေးထား ဆောင်ရွက်ပေး နေကြပြီး ကုသရေးကို ကျန်းမာရေးဝန်ထမ်းများက ထိထိရောက်ရောက် ဆောင်ရွက်ပေးလျက် ရှိသည်။ ရောဂါပိုးတွေ့ရှိမှု တိုးတက်နေသော်လည်း သေဆုံးသူ တိုးမလာအောင် စနစ်တကျ ကုသပေးနိုင်သဖြင့် စိတ်သက်သာရာရစေသည်။ ရောဂါကာကွယ်ရေးအတွက် အဓိကမှာ ပြည်သူသာဖြစ်၍ ပြည်သူများ အနေဖြင့် လမ်းညွှန်ထားသော ကျန်းမာရေးဆိုင်ရာ အချက်များကို လိုက်နာကြဖို့လိုသည်။

အဓိကမှာ မည်သည့်နေရာ၊ မည်သူ့ထံမှ ပျံ့နှံ့လာမှန်းမသိနိုင်သည့် ဗိုင်းရပ်စ်ပိုးကို လူတိုင်းလူတိုင်း ပြင်ပသို့ထွက်သည်နှင့် နှာခေါင်း၊ ပါးစပ် အကာအကွယ်များ အမြဲဝတ်ဆင်ထားရန် လိုအပ်ပြီး လူစုလူဝေးများကို သတိထားရန်၊ လူအများနှင့် ခပ်ခွာခွာနေရန်၊ အဝင်၊ အထွက် ပြုလုပ်ပြီးတိုင်း လက်ကိုဆပ်ပြာနှင့် ရေဖြင့်သန့်ရှင်းစင်ကြယ်အောင် ဆေးကြောရန် လိုအပ်သည်။ ပြည်သူများ လက်ငင်းလိုက်နာရသည့် အခက်အခဲထက် ပေါ့ဆမှုကြောင့် ကြုံတွေ့ရမည့် ဒုက္ခအခက်အခဲ အန္တရာယ်များသည် အဆပေါင်းများစွာ ကြီးမားသည်ကို အထူးသတိပြု စေရန် အသိပေးအပ်ပါသည်။ ။