နေပြည်တော် ဩဂုတ် ၂၄
အာဆီယံစီးပွားရေးဝန်ကြီးများနှင့် အာဆီယံစီးပွားရေး အကြံပေးကောင်စီတို့၏ တွေ့ဆုံပွဲကို ယနေ့မွန်းလွဲပိုင်းက ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမမှ Video Conferencing စနစ်ဖြင့် ကျင်းပသည်။
တွေ့ဆုံပွဲတွင် အာဆီယံစီးပွားရေးအကြံပေး ကောင်စီအဖွဲ့ဝင်များက အာဆီယံစီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ထိပ်သီးအစည်းအဝေး၊ ASEAN Business Awards ၊ Digital Stars Legacy Project ၊ ASEAN Mentorship for Entrepreneurs Network၊ SGConnect၊ Digital Trade Connect နှင့် COVID-19 ဆိုင်ရာ တုံ့ပြန်ဆောင်ရွက်ချက် များစသည့် ကိစ္စရပ်များအပေါ် ဆွေးနွေးတင်ပြကြသည်။
တွေ့ဆုံစဉ် ဒုတိယဝန်ကြီး ဦးဗရတ်ဆင်းက ဒေသတွင်းလူမှုစီးပွား သက်ရောက်မှုများကို လျှော့ချနိုင်ရေး အတွက် အာဆီယံ၏ ကြိုးပမ်း အားထုတ်မှုများကို ခိုင်မာအားကောင်းစေရန် ပုဂ္ဂလိကကဏ္ဍ၏ ပူးပေါင်း ပါဝင်မှုသည် အရေးကြီးကြောင်း၊ ASEAN-BAC မှ တင်ပြသည့် အဆိုပြုလွှာ၏ နယ်ပယ်ကို ကဏ္ဍစုံနှင့် မဏ္ဍိုင်စုံ ပူးပေါင်းဆောင်ရွက်မှုဖြစ်စေရန် လိုအပ်မည်ဖြစ်ကြောင်း ပြောကြားသည်။
အဆိုပါတွေ့ဆုံပွဲသို့ အာဆီယံစီးပွားရေးဝန်ကြီးများ၊ အာဆီယံအတွင်းရေးမှူးချုပ်နှင့် အာဆီယံ စီးပွားရေး အကြံပေးကောင်စီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များတက်ရောက်ခဲ့ ကြောင်း သိရသည်။
(သတင်းစဉ်)