Skip to main content

ဒုတိယဝန်ကြီး ဦးအေးထွန်း ရုရှားဖက်ဒရေးရှင်းနိုင်ငံ အရှေ့တောင်အာရှဒေသလုံးဆိုင်ရာ အော်သိုဒေါ့ ခရစ်ယာန်ဘုန်းတော်ကြီး His Eminence Metropolitan Sergiy ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့နှင့်တွေ့ဆုံ

ရန်ကုန် အောက်တိုဘာ ၂၀

သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် ရုရှားဖက်ဒရေးရှင်းနိုင်ငံ အရှေ့တောင်အာရှဒေသလုံးဆိုင်ရာ အော်သိုဒေါ့ ခရစ်ယာန်ဘုန်းတော်ကြီး His Eminence Metropolitan Sergiy ဦးဆောင်သော ကိုယ်စားလှယ်အဖွဲ့အား ယနေ့နံနက် ၁၀ နာရီတွင် ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ကမ္ဘာအေးဘုရားလမ်းရှိ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန (ရန်ကုန်) ရုံးခွဲဧည့်ခန်းမ၌ တွေ့ဆုံသည်။

ပူးပေါင်းဆောင်ရွက်မည့်ကိစ္စရပ်များဆွေးနွေး

ထိုသို့တွေ့ဆုံစဉ် ဒုတိယဝန်ကြီးက မြန်မာနိုင်ငံတွင် ဆောက်လုပ်မည့် ရုရှားအော်သိုဒေါ့ဘုရား ကျောင်းအဆောက်အအုံ ဆောက်လုပ်ရန်ကိစ္စ၊ စိန့်ပီတာစဘတ်မြို့တွင် မြန်မာယဉ်ကျေးမှုစင်တာအတွက် မြေနေရာရရှိရန် ဆောင်ရွက်ပေးရေးနှင့် မြန်မာနှင့်ရုရှားနှစ်နိုင်ငံအကြား ယဉ်ကျေးမှုနှင့်ဘာသာရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မည့် ကိစ္စရပ်များကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးကြသည်။

တက်ရောက်

တွေ့ဆုံပွဲသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန သာသနာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ်၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓ သာသနာပြုတက္ကသိုလ်မှ ဒုတိယပါမောက္ခချုပ်(စီမံ)၊ ရန်ကုန်တိုင်းသာသနာရေးမှူးနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

သတင်းစဉ်