နေပြည်တော် အောက်တိုဘာ၂၀
သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမြင့်စိုးသည် ယမန်နေ့နံနက်ပိုင်းက ‘ဝ’ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း မက်မန်းမြို့ရှိ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနရုံးသို့သွားရောက်၍ ဝန်ထမ်းများနှင့် တွေ့ဆုံအမှာစကားပြောကြားကာ ဝန်ထမ်းများအတွက် ထောက်ပံ့မှုများပေးအပ်ကာ ရုံးအဆောက်အအုံ မြေထိန်းနံရံတည်ဆောက်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ မှာကြားသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မက်မန်းမြို့ ပညာဒိပဘုန်းတော်ကြီးကျောင်း သို့သွားရောက်၍ ဆရာတော်ကြီးအားဖူးမြော်ကာ သင်္ကန်း၊ နဝကမ္မ၊ အလှူငွေနှင့် လှူဖွယ်ပစ္စည်းများ ဆက်ကပ်လှူဒါန်းကြပြီး မင်းရန်အောင်စေတီတော်အား ဖူးမြော်ကြည်ညိုကြသည်။
ထို့နောက် ဒုတိယဝန်ကြီးသည် မက်မန်းမြို့မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဌာနဆိုင်ရာဝန်ထမ်းများနှင့်တွေ့ဆုံ၍ မက်မန်းဒေသတွင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနက ဆောင်ရွက်ပေးနေသော ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ရှင်းလင်းပြောကြားကာ ဝန်ထမ်းများအတွက် စားသောက်ဖွယ်ရာများ ပေးအပ်သည်။
ညနေပိုင်းတွင် ဒုတိယဝန်ကြီးသည် ကျိုင်းတုံမြို့နမ့်ခင်းချောင်း ဆိုလာစိုက်ပျိုး ရေတင်စနစ်ဖြင့် မိုးစပါးဧက ၆၀ စိုက်ပျိုးနေမှုကို ကြည့်ရှုစစ်ဆေးကာ တောင်သူများနှင့်တွေ့ဆုံ၍ လာမည့်ဆောင်းသီးနှံ ဟင်းသီးဟင်းရွက်များ စိုက်ပျိုးရန်၊ နွေစပါးစိုက်ဧက ၄၀ အတွက် အထွက်တိုးစပါးမျိုးများ စိုက်ပျိုးကြရန်၊ ဆီထွက်သီးနှံများကိုလည်း အောင်မြင်အောင် ဆက်လက် စမ်းသပ်စိုက်ပျိုးကြရန် မှာကြားသည်။
ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ယန်းလောခေတ်မီ စံပြကျေးရွာ (Smart Village) သို့ရောက်ရှိရာ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ကျိုင်းတုံခရိုင်ဦးစီးမှူး ဦးဝင်းနိုင်က ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အတွင်း စံပြကျေးရွာအတွက် ဆောင်ရွက်ပေးခဲ့သော ကွန်ကရစ်လမ်းများ ဖောက်လုပ်ပေးမှုအခြေအနေ၊ VDP ရန်ပုံငွေဖြင့် လုပ်ငန်းများဆောင်ရွက်နေမှု၊ ကျေးလက်စီးပွားမြှင့်တင်ရေးရန်ပုံငွေစီမံကိန်း (RBF) ဖြင့် ဆောင်ရွက်နေသော မွေးမြူရေးလုပ်ငန်းများကို ရှင်းလင်းတင်ပြရာ ဒုတိယဝန်ကြီးက လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ပေးသည်။
ယင်းနောက် အသေးစား စက်မှုလက်မှုဦးစီးဌာန၏ အသေးစားကုန်ထုတ်လုပ်မှုများ ဖန်တီးပေးနိုင်ရေးနှင့် ကျေးလက်နေမိသားစုဝင်ငွေတိုးစီမံကိန်းအရ ဖွင့်လှစ်ခဲ့သော သင်တန်းများတွင် ထူးချွန်ဆုရသူများအား လုပ်ငန်းသုံးပစ္စည်း ထောက်ပံ့ပေးအပ်ခြင်း အခမ်းအနားကို အဆိုပါခန်းမ၌ ဆက်လက်ကျင်းပပြီး ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက ယန်းလောကျေးရွာ အပ်ချုပ်စက်သင်တန်းတွင် ထူးချွန်ဆုရသူငါးဦးကို အပ်ချုပ်စက်၊ ဘီတင်စက်၊ ဓားစက်၊ ထုပ်ရိုက်စက်နှင့် မီးပူ အပါအဝင် ပစ္စည်းခုနစ်မျိုးစီကိုလည်းကောင်း၊ ယန်းကျိန်ကျေးရွာ ဝါးလက်မှုထည်သင်တန်းမှ ထူးချွန်သူငါးဦးကို ဝါးဖြတ်စက် (Miter Saw)၊ ကော်ပတ်အထိုင်စက် (Sandar)၊ Power Art Motor ၊ ဝါးပြုတ်ရန်စတီးကန်၊ လက်ကိုင်ဖောက်စက်၊ လက်ကိုင်ဖြတ်စက်၊ ဝါးဖြတ်ခုံ၊ ဦးထုပ်ခေါင်းချိုးမိုတို့ကိုလည်းကောင်း ထောက်ပံ့ပေးအပ်ရာ သင်တန်းသူများက လက်ခံယူကြသည်။
ဆက်လက်၍ ဒုတိယဝန်ကြီးသည် ကျေးလက်စီးပွား မြှင့်တင်ရေးရန်ပုံငွေစီမံကိန်း (RBF) ဖြင့် ဆောင်ရွက်နေသော ငါးမွေးမြူရေးကန်များကိုလည်းကောင်း၊ ဒေသမျိုးဝက်ခြံကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များ ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
သတင်းစဉ်