Skip to main content

(၁၂) ကြိမ်မြောက် စီအယ်လ်အမ်ဗွီ စီးပွားရေးဝန်ကြီးများ အစည်းအဝေး ကျင်းပ

နေပြည်တော် ဩဂုတ် ၂၄

(၁၂) ကြိမ်မြောက် စီအယ်လ်အမ်ဗွီ စီးပွားရေးဝန်ကြီးများ အစည်းအဝေးကို ယနေ့နံနက် ၈ နာရီခွဲက ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွား ဆက်သွယ်ရေးဝန်ကြီးဌာန အစည်းအဝေးခန်းမတွင်   Video Conferencing စနစ်ဖြင့် ကျင်းပသည်။

(၁၂) ကြိမ်မြောက် စီအယ်လ်အမ်ဗွီ စီးပွားရေးဝန်ကြီးများ အစည်းအဝေးသို့ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ဗီယက်နမ်နိုင်ငံတို့မှ စီးပွားရေး ဝန်ကြီးများနှင့် အာဆီယံ အတွင်းရေးမှူးချုပ်တို့ တက်ရောက်ခဲ့သည်။

အစည်းအဝေးတွင် အဆင့်မြင့်စီးပွားရေး အရာရှိများမှ တင်ပြလာသည့် အစီရင်ခံစာနှင့် စီအယ်လ်အမ်ဗွီ လုပ်ငန်းစီမံချက် ၂၀၁၉-၂၀၂၀ ၏ ဖြစ်ပေါ်တိုးတက်မှု အခြေအနေတို့ကို ဆွေးနွေးခဲ့ကြပြီး စီအယ်လ်အမ်ဗွီ လုပ်ငန်းစီမံချက် ၂၀၂၁-၂၀၂၂ ကို အတည်ပြုခဲ့ကြသည်။ ထို့ပြင် ကိုဗစ်-၁၉ ကပ်ရောဂါ စိန်ခေါ်မှုများကို ကျော်လွှားနိုင်ရေးအတွက် တုန့်ပြန်ဆောင်ရွက်ချက်များအပေါ် အမြင်ချင်းဖလှယ် ဆွေးနွေး ခဲ့ကြသည်။

အစည်းအဝေးတွင် ရင်းနှီးမြှုပ်နှံမှုနှင့် နိုင်ငံခြားစီးပွားဆက်သွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသောင်းထွန်းက  စီအယ်လ်အမ်ဗွီ လုပ်ငန်းစီမံချက် ၂၀၂၁-၂၀၂၂ တွင် ပါဝင်သောအစီအစဉ်များသည် မိမိတို့နိုင်ငံများ၏ လိုအပ်ချက်များ၊ ဦးစားပေးအစီအစဉ်များနှင့် ကိုက်ညီပါကြောင်းနှင့် ဘဏ္ဍာရေးဆိုင်ရာ အဖွဲ့အစည်းများ အထူးသဖြင့် မိမိတို့ စီအယ်လ်အမ်ဗွီနိုင်ငံများတွင် အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေး လုပ်ငန်းများ၏ အရင်းအနှီးလိုအပ်ချက်အတွက် Two-Step Loan ချေးငွေအစီအစဉ်ကို ဆောင်ရွက်လျက်ရှိသည့် နိုင်ငံပိုင်ဘဏ်နှင့်   ပုဂ္ဂလိကဘဏ်များ၏ စွမ်းဆောင်ရည် မြှင့်တင်ရန် အရေးကြီးပါကြောင်း ပြောကြားသည်။

စီအယ်လ်အမ်ဗွီလုပ်ငန်းစီမံချက် ၂၀၂၁-၂၀၂၂ တွင် “Pandemic Recovery Plan” ထည့်သွင်းခြင်းကို ကြိုဆိုပါကြောင်းနှင့် အဆိုပါ လုပ်ငန်းစီမံချက်သည် ယခုဆောင်ရွက်လျက်ရှိသော ဒေသတွင်း ပေါင်းစည်းမှုဆိုင်ရာ ဆောင်ရွက်မှုများကို အကျိုးရှိစေမည်ဖြစ်ပါကြောင်း ပြောကြားသည်။ ထို့ပြင် ပြည်ထောင်စုဝန်ကြီးက ကိုဗစ်-၁၉ ထိန်းချုပ်ရေးနှင့် နိုင်ငံ၏စီးပွားရေးအပေါ် သက်ရောက်မှုများ သက်သာ စေရေးအတွက်  မြန်မာနိုင်ငံအနေဖြင့် ဆောင်ရွက်လျက်ရှိသည့် အစီအစဉ်များကိုလည်း ဆွေးနွေးပြောကြားသည်။ ထို့နောက် အစည်းအဝေး က (၁၂) ကြိမ်မြောက် စီအယ်လ်အမ်ဗွီ စီးပွားရေး ဝန်ကြီးများ အစည်းအဝေး၏ ပူးတွဲသတင်း ထုတ်ပြန်ချက်ကို အတည်ပြုခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)