Skip to main content

အပြည်ပြည်ဆိုင်ရာ အွန်လိုင်းကုန်စည်ပြပွဲ Myanmar International Expo of Organic and Natural Products ဖွင့်ပွဲ အခမ်းအနား ကျင်းပ

နေပြည်တော် ဩဂုတ် ၂၄

မြန်မာကုန်သွယ်မှု မြှင့်တင်ရေးအဖွဲ့က ကြီးမှူးကျင်းပသည့် အပြည်ပြည်ဆိုင်ရာ အွန်လိုင်းကုန်စည်ပြပွဲ Myanmar International Expo of Organic and Natural Products ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၁၀ နာရီကရန်ကုန်မြို့၊ ကုန်သည်လမ်းရှိ မြန်မာအပြည်ပြည်ဆိုင်ရာ ကုန်သွယ်မှုဗဟိုဌာနတွင် ကျင်းပသည်။

ဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံအပါအဝင် တရုတ်၊ ဗီယက်နမ်၊ လာအို၊ ကိုရီးယား၊ ဂျပန်၊ ဗြိတိန်၊ အီတလီ၊ ရုရှား၊ အာရပ်စော်ဘွားများ နိုင်ငံ၊ ဥရောပသမဂ္ဂ၊ အမေရိကန်ပြည်ထောင်စုနှင့် အိန္ဒိယနိုင်ငံတို့မှ စိတ်ပါဝင်စား သူများက အွန်လိုင်းမှ ပါဝင်တက်ရောက်ကြသည်။

အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးဒေါက်တာသန်းမြင့်က မြန်မာနိုင်ငံသည် နိုင်ငံတကာကုန်သွယ်မှု မြှင့်တင်ရေး အဖွဲ့များနည်းတူ ကိုဗစ်-၁၉ ကာလအတွင်း နိုင်ငံတကာသို့ မိမိနိုင်ငံ၏ အရည်အသွေးရှိ ထုတ်ကုန်များကို မိတ်ဆက်ပြသနိုင်ရန်နှင့် ဈေးကွက်သစ်များ ရှာဖွေနိုင်ရန် စီစဉ်ကျင်းပခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနိုင်ငံ၏ စီးပွားရေးမူဝါဒတွင် လယ်ယာထွက်ကုန်များကို အခြေခံ၍ အခြားစီးပွားရေး ကဏ္ဍများဖွံ့ဖြိုး တိုးတက်ရေး ပါဝင်ပါကြောင်း၊ ကိုဗစ်-၁၉ ကာလအတွင်း မြန်မာနိုင်ငံကိုစား နပ်ရိက္ခာ ထုတ်လုပ်တင်ပို့သော နိုင်ငံတစ်ခု ဖြစ်လာရန် ကြိုးပမ်းဆောင်ရွက်ရာတွင် အွန်လိုင်းကုန်စည်ပြပွဲ ပလက်ဖောင်းသည် အဓိကအခန်း ကဏ္ဍမှ ပါဝင်လာမည်ဖြစ်ကြောင်း ပြောကြားသည်။

အဆိုပါကုန်စည်ပြပွဲတွင် မြန်မာ၊ တရုတ်၊ ဗီယက်နမ်၊ လာအိုနှင့် ကိုရီးယားနိုင်ငံတို့မှ ကုမ္ပဏီ (၅၀) ကျော်မှ ဆန်၊ ပဲမျိုးစုံ၊ နှမ်း၊ သစ်သီး ဝလံများ၊ ရေထွက်ပစ္စည်းများ၊ စားသောက်ကုန်များနှင့် အခြား လူသုံးကုန်ပစ္စည်းများကို ပါဝင်ပြသမည်ဖြစ်ကြောင်း၊  ပြပွဲကာလအတွင်း တရုတ်၊ စင်္ကာပူနိုင်ငံတို့မှ  ကုန်သည်လုပ်ငန်းရှင်များနှင့် Business Matching များလည်း ကျင်းပသွားမည်ဖြစ်ပြီး နိုင်ငံတကာမှ ဝယ်ယူသူ/ လေ့လာသူအဖြစ် တက်ရောက်ရန် ကြိုတင်စာရင်းပေးသွင်းထားသူ ၂၅၀ ကျော်ရှိကြောင်းနှင့် ၎င်းအွန်လိုင်းကုန်စည်ပြပွဲကို ဩဂုတ် ၂၄ ရက်မှ ၃၀ ရက်အထိ www.myanmarexpopark.com တွင် အခမဲ့စာရင်းပေးသွင်း၍ ဝင်ရောက်ကြည့်ရှု လေ့လာနိုင်ကြောင်း သိရသည်။

မွန်းလွဲပိုင်းတွင် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ရန်ကုန်တိုင်းဒေသကြီး၊ အရှေ့ဒဂုံမြို့နယ်၊ ရွာသာကြီး စံပြရပ်ကွက်ရှိ National Infrastructure Holding Co.,Ltd မှ အကောင်အထည် ဖော်ဆောင်ရွက်နေသည့် Resources Group Logistics သို့ ရောက်ရှိပြီး ရှင်းလင်းဆောင်ရွက်ရာတွင် ဥက္ကဋ္ဌ ဦးမောင်ကျေးက Dry Port အတွင်း အဆောက်အဦများ တည်ဆောက်ပြီးစီးမှု၊ လုပ်ငန်းများ စတင် ဆောင်ရွက်နေမှုများနှင့် Power Regency Fuel Terminal များတည်ဆောက်ပြီး စီးသုံးစွဲနေမှု၊ ဆီသိုလှောင်ထားရှိနိုင်မှု၊ ဆီအတင်အချ ပြုလုပ်ပေးနိုင်မှု၊ ဆီလက်လီလက္ကားရောင်း ချပေးနိုင်ရန်အတွက် ဆီအရောင်းဆိုင် (၅၀) ဖွင့်လှစ်ရောင်းချပေးနိုင်မှုတို့အား ရှင်းလင်း တင်ပြခဲ့ရာ  ပြည်ထောင်စုဝန်ကြီးက  ကုန်သွယ်မှု ဖွံ့ဖြိုးတိုးတက်စေရေးအတွက် Logistic Services ကဏ္ဍသည် အလွန်အရေးကြီးသည့် ကဏ္ဍမှ ပါဝင်နေသည့်အတွက် ယင်းကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်အတွက်  မိမိတို့ ဝန်ကြီးဌာနအနေဖြင့် ရင်းနှီးမြှုပ်နှံမည့်သူများကို အားပေး ပါကြောင်း၊ Logistic ဖွံ့ဖြိုးတိုးတက် လာသည်နှင့်အညီ ကုန်စည်များ သယ်ယူပို့ဆောင်ရေးတွင် ကုန်ကျစရိတ်နှင့် အချိန်ကိုလျှော့ ချဆောင်ရွက် နိုင်မည်ဖြစ်ရာ Dry Port လုပ်ငန်းစဉ်များတွင် အမြန်ဆုံး စွမ်းအားပြည့် လည်ပတ်နိုင်ရေးအတွက် အခက်အခဲ များကိုလည်း သက်ဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဖြေရှင်း ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် Dry Port အတွင်း သိုလှောင်ထားရှိသည့် စားသောက်ကုန် ပစ္စည်းများ၊ အထည်ချုပ် လုပ်ငန်းနှင့် ဆက်စပ်သည့်ပစ္စည်းများ၊ ဆပ်ပြာမှုန့်နှင့် ဆပ်ပြာကုန် ကြမ်းများ၊ ဂျုံ၊ တာဝါတိုင်နှင့် လုပ်ငန်းသုံးပစ္စည်းများ သိုလှောင်ထားရှိမှု တို့ကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

 

(သတင်းစဉ်)