Skip to main content

(၃၈) ကြိမ်မြောက် အာဆီယံစွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများ ကျင်းပ

နေပြည်တော်၊  သြဂုတ် ၂၄

(၃၈) ကြိမ်မြောက် အာဆီယံစွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေး များ (38th Senior Officials Meeting on Energy (SOME) and Associated Meetings) ကို သြဂုတ် ၂၄ ရက်မှ ၂၇ ရက်အထိ ဗီယက်နမ်နိုင်ငံက အလှည့်ကျ အိမ်ရှင်နိုင်ငံအဖြစ် Video Conferencing စနစ်ဖြင့် ကျင်းပလျက်ရှိရာ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန် ဦးသန်းဇော်နှင့် ကိုယ်စားလှယ် အဖွဲ့သည် ယနေ့မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ရှိ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာန၊ ရုံးအမှတ်(၂၇)မှ ပါဝင်တက်ရောက်သည်။

အဆိုပါ အာဆီယံစွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးတွင် အာဆီယံ စွမ်းအင်ကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ် (ASEAN Plan of Action for Energy Cooperation (APAEC)) တွင် ပါဝင်သည့်ကဏ္ဍခွဲ (၇) ခုဖြစ်သည့်  ASEAN Power Grid (APG)၊ Trans-ASEAN Gas Pipeline (TAGP)၊ Coal and Clean Coal Technology၊ Renewable Energy (RE)၊ Energy Efficiency and Conservation (EE&C)၊ Regional Energy Policy and Planning နှင့် Civilian Nuclear Energy တို့နှင့်စပ်လျဉ်း၍ ပူးပေါင်းဆောင်ရွက်မှု၊ ဖြစ်ပေါ်တိုးတက်မှုများ၊ ဆက်လက်ဆောင်ရွက်သွားမည့် အစီအစဉ်များအား ဆွေးနွေးခဲ့ပြီး အာဆီယံစွမ်းအင်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု အစီအစဉ်သစ်ဖြစ်သည့် APAEC Phase II (2021-2025)  ကို အတည်ပြုမည်ဖြစ်သည်။

အခြားဆက်စပ် အစည်းအ​​​​ဝေးများကို အာဆီယံနှင့် ဆွေးနွေးဖက်နိုင်ငံများဖြစ်သည့် အမေရိကန်၊ ရုရှား၊ အရှေ့အာရှနိုင်ငံများ၊ ASEAN+3 နိုင်ငံများဖြစ်သည့် တရုတ်၊ ဂျပန်နှင့် တောင်ကိုရီးယား၊ International Organizations &  Dialogue Partners များဖြစ်သည့် International Energy Agency (IEA)၊ International Renewable Energy Agency (IRENA) ၊  ဂျပန်နိုင်ငံ Ministry of Economy, Trade and Industry (METI) တို့နှင့် ကျင်းပခဲ့ပြီး ဒေသတွင်းနှင့် နိုင်ငံတကာ၏ စွမ်းအင်ဆိုင်ရာ ဖြစ်ပေါ်တိုးတက်ပြောင်းလဲမှုများ၊ ကမ္ဘာ့ကပ်ရောဂါ ကိုဗစ်-၁၉ အား ကာကွယ်၊ ထိန်းချုပ် တုံ့ပြန်ဆောင်ရွက်မှုများ၊ စွမ်းအင်ကဏ္ဍဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်နိုင်မည့် နယ်ပယ်များနှင့်စပ်လျဉ်း၍ ဆွေးနွေးကြမည်ဖြစ်သည်။

အဆိုပါ (၃၈) ကြိမ်မြောက် အာဆီယံစွမ်းအင်ဆိုင်ရာ အဆင့်မြင့်အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ် အစည်းအဝေးများကို  အာဆီယံအဖွဲ့ဝင်နိုင်ငံများ၊ ဆွေးနွေးဖက်နိုင်ငံများ၊ ASEAN+3 နိုင်ငံများမှ စွမ်းအင်ကဏ္ဍဆိုင်ရာ ဆက်စပ်ဝန်ကြီးဌာနများနှင့် အဖွဲ့အစည်း များမှ သက်ဆိုင်ရာ ကိုယ်စားလှယ်များ တက်ရောက်ကြမည်ဖြစ်ပြီး မြန်မာကိုယ်စားလှယ်အနေဖြင့် စွမ်းအင်ဆိုင်ရာ ဆက်စပ်ဝန်ကြီးဌာန များဖြစ်သော ပညာရေးဝန်ကြီးဌာန၊ သယံဇာတနှင့် သဘာဝ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့်စက်မှုဝန်ကြီးဌာနတို့မှ သက်ဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ အစည်းအဝေး အစီအစဉ်အလိုက် တက်ရောက်ကြမည်ဖြစ်ကြောင်း သိရသည်။

 

(သတင်းစဉ်)