နေပြည်တော် ဩဂုတ် ၂၄
အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေ စစ်ဆေးရေးဦးစီးဌာန၏ အမှုထမ်းများ လုပ်ငန်းခွင်အကြိုသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၈ နာရီခွဲတွင် အဆိုပါဝန်ကြီးဌာန စုဝေးခန်းမ၌ ကျင်းပသည်။
သင်တန်းဖွင့်ပွဲအခမ်းအနား၌ ပြည်ထောင်စုဝန်ကြီး ဦးသိန်းဆွေက ဝန်ကြီးဌာန၏ အလုပ်သမားရေးရာဆိုင်ရာ ရည်မှန်းချက်များကို အကောင်အထည် ဖော်သည့်နေရာတွင် ဦးစီးဌာနများအလိုက် ပါဝင်ဆောင်ရွက်ရသည့် အခန်းကဏ္ဍများသည် လွန်စွာအရေးကြီးသည့် အတွက် ဦးစီးဌာနအသီးသီးက တာဝန်ယူ ဆောင်ရွက်ရသည့် လုပ်ငန်းစဉ်များကို ဝန်ထမ်းသစ်များ သေချာစွာနားလည်သိမြင်ပြီး တာဝန် ထမ်းဆောင်ကြရာ၌ စနစ်တကျ၊ ထိထိရောက်ရောက်၊ အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်နိုင်စွမ်းရှိကြစေရန် ရည်ရွယ်ချက်ဖြင့် ယနေ့ သင်တန်းကို ဖွင့်လှစ်ရခြင်း ဖြစ်ပါကြောင်း။
နိုင်ငံ့ဝန်ထမ်းကောင်း တစ်ဦးအဖြစ် အစပြုတာဝန်ထမ်းဆောင်ရာတွင် ဝန်ထမ်းတစ်ဦး လိုက်နာရမည့် စည်းမျဉ်းစည်းကမ်းများ၊ ကျင့်ဝတ် များကို တိတိကျကျလိုက်နာပြီး၊ တစ်ပြိုင်နက်တည်းတွင် စွမ်းဆောင်ရည်ပြည့်ဝပြီး တာဝန်ကျေပွန်သည့် မိမိ၏ဦးစီးဌာနမှ အားကိုးအားထား ပြုရသည့် သူများဖြစ်ရန် ကြိုးစားကြစေလိုကြောင်း။ သတ်မှတ်ထားသည့် သင်တန်းကာလ (၅) ရက်ဖြစ်သော်လည်း ဝန်ထမ်းငယ်ဘဝမှ ရာထူးအဆင့်ဆင့် တိုးတက်တာဝန်ထမ်းဆောင်နိုင်ရေး၊ အခြေခံအုတ်မြစ်ကောင်းများ ရရှိစေရေးအတွက် ရုံးလုပ်ငန်းဘာသာရပ်များနှင့် ဥပဒေ၊ နည်းဥပဒေများကို သင်ကြားပို့ချမည်ဖြစ်သည့် တွက် စိတ်ဝင်တစားလေ့လာဆည်းပူးကြရန် မှာကြားလိုပါကြောင်း။
တာဝန်ကျရာ ဒေသများတွင်လည်း ရုံးချုပ်မှထုတ်ပြန်ညွှန်ကြားသည့် အမိန့်ညွှန်ကြားချက်များနှင့်အညီ လိုက်နာအကောင်အထည်ဖော် ဆောင်ရွက်သွားရန် လိုအပ်သကဲ့သို့ မိမိတို့၏အထက် အရာရှိများနှင့် လုပ်သက်ရင့် ဝန်ထမ်းများကို လေးလေးစားစား ဆက်ဆံပြီး လုပ်ငန်းခွင်ဆိုင်ရာ လက်တွေ့ဆောင်ရွက် ကြရမည့် အတွေ့အကြုံများကို ဆည်းပူးလေ့လာ သင်ယူသွားကြစေလိုကြောင်း။
လူငယ်များဖြစ်သည့်အတွက် အင်္ဂလိပ်စာနှင့် ကွန်ပျူတာကို ထိတွေ့သုံးစွဲနေကြသူများဖြစ် ကြသည့်အလျောက် ပိုမိုတိုးတက်လာစေရေး စဉ်ဆက်မပြတ် လေ့လာသင်ယူသွားကြစေလိုကြောင်း။ အချိန်ကာလနှင့်အတူ မိမိတို့၏ စွမ်းဆောင်ရည်၊ လုပ်ကိုင်နိုင်စွမ်း၊ သင်ယူနိုင်စွမ်း များအပေါ်မူတည်ပြီး ရာထူးအဆင့်ဆင့် တိုးမြှင့်ရရှိလာကြမည်ဖြစ်ပါကြောင်း။ ဦးစီးဌာန၌ လုပ်သက် (၁) နှစ်ပြည့်ပြီးပါက ဝန်ကြီးဌာနက ခေါ်ယူသည့် ပြန်တမ်းဝင်အရာရှိအဆင့် စာမေးပွဲများကို ဝင်ရောက် ဖြေဆိုနိုင်မည်ဖြစ်ပြီး လုပ်သက်(၃)နှစ် ပြည့်ပြီးသည့်အခါ အခြားဝန်ကြီးဌာနများက ခေါ်ယူသည့် စာမေးပွဲများကို ဝင်ရောက်ဖြေဆို နိုင်ခွင့်ရှိမည်ဖြစ်ရာ ဝန်ထမ်းသစ်များအနေဖြင့် အရည်အချင်း ပြည့်သည့်ဝန်ထမ်း တစ်ယောက် အဖြစ် အမြဲအဆင်သင့် ဖြစ်နေရန် ကိုယ်စီပြင်ဆင်ထားရန် လိုအပ်ပါကြောင်း။
ဝန်ထမ်းသစ်များအနေဖြင့် ဝန်ထမ်းအဖွဲ့အစည်းအပေါ် သစ္စာရှိပြီး တာဝန်ကိုလိုလားတက်ကြွစွာ တာဝန်ထမ်းဆောင်သည့် ဝန်ထမ်းကောင်း များအဖြစ် မိမိဌာန၏ ရည်မှန်းချက်များ အောင်မြင်ပြီးမြောက်အောင် တစ်ထောင့်တစ်နေရာမှ ပါဝင်ကူညီပေးကြစေလိုပါကြောင်း။ တာဝန် ထမ်းဆောင်မည့် ဘဝတစ်သက်တာလုံး သင်ယူလေ့လာဆည်းပူးခြင်းနှင့် မိမိတာဝန်ထမ်းဆောင်နေသည့် အဖွဲ့အစည်း ထိုမှတစ်ဆင့် နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကျရာကဏ္ဍမှ စွမ်းဆောင်ရည် ပြည့်ဝစွာဖြင့် ပါဝင်ဆောင်ရွက်နိုင်ရေးအတွက် လေ့လာဆည်းပူးကြ စေလိုကြောင်း ယခုဖွင့်လှစ်ပို့ချမည့် သင်တန်းမှ အတွေ့အကြုံကောင်းများကိုရယူ၍ လုပ်ငန်းစွမ်းဆောင်ရည်များ တိုးတက်မြင့်မားအောင် အားစိုက် ဆောင်ရွက်ကြရန်နှင့် တိုင်းပြည်အတွက် အားကိုးအားထားပြုထိုက်သည့် ဝန်ထမ်းကောင်းများ ဖြစ်အောင် အစဉ်အမြဲ အားထုတ်ဆောင်ရွက်ကြစေလိုကြောင်း ပြောကြားသည်။
အဆိုပါအမှုထမ်းများ လုပ်ငန်းခွင်အကြိုသင်တန်းဖွင့်ပွဲ အခမ်းအနားသို့ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ အမြဲတမ်းအတွင်းဝန် ၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယအမြဲတမ်းအတွင်းဝန်၊ ညွှန်ကြားရေးမှူးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် သင်တန်းသား (၂၄) ဦး တို့တက်ရောက်ကြပြီး သင်တန်းကာလမှာ ဩဂုတ် ၂၄ ရက်မှ ၂၈ ရက်အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
(သတင်းစဉ်)