Skip to main content

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၂) ရက်မြောက်နေ့ ကျင်းပ

နေပြည်တော် ဩဂုတ် ၂၄

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး(၁၂) ရက်မြောက်နေ့ကို ယနေ့နံနက် ၁ဝ နာရီတွင် နေပြည်တော်ရှိ ပြည်ထောင်စုလွှတ်တော် အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အစည်းအဝေးတွင် ၂၀၂၀ - ၂၀၂၁ခု၊ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်း၏ စီမံကိန်းလုပ်ငန်းများနှင့် စပ်လျဉ်း၍ ပြည်ထောင်စု လွှတ်တော် ဥပဒေကြမ်းပူးပေါင်းကော်မတီ အတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက တစ်ပိုဒ်ချင်းစီအလိုက် အဆိုပြုတင်ပြ၍ ပြည်ထောင်စု လွှတ်တော် နာယက ဦးတီခွန်မြတ်က သက်ဆိုင်ရာကဏ္ဍအလိုက် ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင်များ၏ သဘောထား မေးမြန်း၍ လွှတ်တော်၏ အဆုံးအဖြတ်ရယူအတည်ပြုသည်။

ထို့နောက် ၂၀၂၀ - ၂၀၂၁ ခု၊ ဘဏ္ဍာနှစ် အမျိုးသားစီမံကိန်း ဥပဒေကြမ်း၏ ဥပဒေအကြောင်းအရာ များနှင့် စပ်လျဉ်း၍ ဥပဒေကြမ်း ပူးပေါင်းကော်မတီအတွင်းရေးမှူး ဒေါက်တာမြတ်ဉာဏစိုးက ဥပဒေကြမ်း၏ အခန်း (၁) ၏ အခန်းခေါင်းစဉ်၊ အပိုဒ်(၁)၊ (၂)၊ (၃)၊ အခန်း(၂)၏ အခန်းခေါင်းစဉ်၊ အပိုဒ်(၄)၊ အခန်း(၃)၏ အခန်းခေါင်းစဉ်၊ အပိုဒ်(၅)မှ အပိုဒ်(၁၄)အထိကို မူလအဆိုပြုချက်အတိုင်း အတည်ပြုပေးနိုင်ရန် အဆိုပြုတင်ပြရာ ပြည်ထောင်စုလွှတ်တော် နာယကက လွှတ်တော်၏ အဆုံးအဖြတ် ရယူအတည်ပြုသည်။

ယင်းနောက် ပြည်ထောင်စုလွှတ်တော် နာယကက ဥပဒေကြမ်း၏ခေါင်းစဉ်နှင့် နိဒါန်းသည် မူလ အဆိုပြုချက်အတိုင်း ဤဥပဒေကြမ်း၏ အစိတ်အပိုင်းဖြစ်ကြောင်းနှင့် ဥပဒေကြမ်း၏ ပူးတွဲဇယား (၁) မှ (၇) အထိ ပါရှိသည့်စီမံကိန်းတန်ဖိုးများနှင့် စပ်လျဉ်း၍ နောက်ဆက်တွဲ (၂) ပါ စီမံကိန်းလုပ်ငန်းများ အပေါ် လွှတ်တော်၏ ဆုံးဖြတ်ချက်နှင့်အညီရရှိသည့် ကိန်းဂဏန်းတန်ဖိုးများအတိုင်း ပြင်ဆင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း အတည်ပြုကြေညာသည်။

ဆက်လက်၍ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း  က အဆိုပါ ဥပဒေကြမ်းတစ်ရပ်လုံးကို အတည်ပြုရန် အဆိုတင်သွင်းသည်။

ထို့နောက် ပြည်ထောင်စုလွှတ်တော် နာယက က အဆိုပါ ဥပဒေကြမ်းနှင့် စပ်လျဉ်း၍ လွှတ်တော်က ဆုံးဖြတ်ထားသည့်အတိုင်း ဥပဒေကြမ်းတစ်ရပ်လုံးကို အတည်ပြုရန် လွှတ်တော်၏ အဆုံးအဖြတ် ရယူရာ သဘောတူသည့်အတွက် အတည်ပြုကြောင်း ကြေညာသည်။

ယင်းနောက် နိုင်ငံတော်သမ္မတထံမှ ပေးပို့ထားသော သံလွင်မြစ်ကူးတံတား (တာဆန်း) ကြိုးတံတား တည်ဆောက်ခြင်း စီမံကိန်းအတွက် ဩစတြီးယားနိုင်ငံ၊ Uni Credit Bank ထံမှ အတိုးမဲ့ချေးငွေယူရို ၈ ဒသမ ၄ သန်းရယူရေးနှင့် စပ်လျဉ်း၍ ဆောက်လုပ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော်  နှင့် စီမံကိန်း၊ ဘဏ္ဍာရေးနှင့် စက်မှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်းတို့က လွှတ်တော်သို့ ရှင်းလင်းတင်ပြကြသည်။

ပြည်ထောင်စုဝန်ကြီး ဦးဟန်ဇော် က သံလွင်မြစ်ကူးတံတား(တာဆန်း)သည် ရှမ်းပြည်နယ်(တောင်ပိုင်း) နှင့် (အရှေ့ပိုင်း)ကို ဆက်သွယ် ထားသည့် နမ့်စန် - မိုးနဲ - မိုင်းတုံ - မိုင်းဆတ် - တာချီလိတ်လမ်း  အကြားတွင် တည်ရှိသော  တံတားအမှတ်(၁/၁၈၇) ဖြစ်ပါကြောင်း၊ အဆိုပါတံတားသည် မြန်မာ-ထိုင်း နှစ်နိုင်ငံ နယ်စပ်မြို့ဖြစ်သည့် တာချီလိတ်မြို့နှင့် ဆက်သွယ်ထားသော လမ်းမကြီးပေါ်တွင် တည်ရှိ သောကြောင့် နှစ်နိုင်ငံ ကုန်သွယ်စီးဆင်းမှုအတွက် အရေးပါသည့် တံတား(၁)စင်းလည်း ဖြစ်ပါကြောင်း။

တာဆန်းကြိုးတံတားကို ရေရှည် အသုံးပြုနိုင်ရန်အတွက် ခံနိုင်ဝန် (၁၆)တန်သာ ခွင့်ပြုထားသော ကြောင့် (၁၀) ဘီးနှင့်အထက် ကုန်တင်ယာဉ်ကြီးများ တံတားသို့ ရောက်ရှိပြီး ယာဉ် + ကုန်    (၁၆) တန်ထက် ကျော်လွန်ပါက ကုန်ပစ္စည်းများကို တစ်ဖက်ကမ်းသို့ ယာဉ်ငယ်များဖြင့် ပို့ဆောင်ရသည့်အတွက် အချိန်ကြာမြင့်ခြင်း၊ သယ်ယူပို့ဆောင်ခများ အပိုကုန်ကျခြင်းတို့ကြောင့် ကုန်ပစ္စည်း ဈေးနှုန်းများမှာ သာမန်ထက် မြင့်တက်လျက်ရှိပါကြောင်း။

ထို့ပြင် နမ့်စန် - မိုးနဲ - မိုင်းတုံ - မိုင်းဆတ် - တာချီလိတ် လမ်းသည် (NH-23) လမ်းမကြီးဖြစ်ပြီး တန် (၃၀) အထက် ကုန်တင်ယာဉ်ကြီးများ ဖြတ်သန်းသွားလာလျက်ရှိရာ ၎င်းလမ်းပေါ်တွင်ရှိသည့် တာဆန်း တံတားသည် အဓိကကျသည့် တံတားဖြစ်သောကြောင့် လက်ရှိကြိုး တံတား၏ ရေစုန်ဘက်တွင် ခံနိုင်ဝန် တန်(၆၀)ရှိသည့် တံတား အသစ်(၁)စင်း အဆင့်မြှင့်တင် တည်ဆောက်ရန် လိုအပ်လျက် ရှိပါကြောင်း။ 

တာဆန်းတံတားသည် နိုင်ငံ့ထွက်ပေါက် နယ်စပ်ဒေသတွင် ဘက်စုံအသုံး ပြုနိုင်မည့် အဓိကကျသည့် လမ်းမကြီးပေါ်တွင် တည်ရှိသည့် မဟာဗျူဟာအရ အရေးပါသော တံတား(၁)စင်း ဖြစ်သောကြောင့် အိမ်နီးချင်းနိုင်ငံများဖြစ်သည့် ထိုင်းနိုင်ငံနှင့် လာအိုနိုင်ငံများသို့ လွယ်ကူလျှင်မြန်စွာ ဆက်သွယ် သွားလာနိုင်မည် ဖြစ်သည့်အပြင် ဒေသထွက် ကုန်ပစ္စည်းများကို ဒေသတွင်း သာမက အိမ်နီးချင်း နိုင်ငံများ သို့ပါ ပို့ဆောင်နိုင်မည်ဖြစ်ခြင်း၊ ကုန်စည်စီးဆင်းမှု မြန်ဆန်ရေးအတွက် များစွာအထောက်အကူ ပြုခြင်း၊ ဒေသခံပြည်သူများ၏ လူမှုစီးပွား ဘဝ ဖွံ့ဖြိုးတိုးတက်လာနိုင်ခြင်း စသည့်အကျိုးကျေးဇူးများ ရရှိမည်ဖြစ်ပါကြောင်း။

တံတားတည်ဆောက်ရာတွင် တံတားသံပေါင်များကို အရည်အသွေးမြင့် ဥရောပ သံပေါင်များကို အသုံးပြုမည်ဖြစ်ပြီး မြန်မာအင်ဂျင်နီယာ များအတွက် ကြိုးတံတားသံပေါင်တပ်ဆင်ခြင်း နည်းပညာသစ် အတွေ့အကြုံများလည်း ရရှိစေမည် ဖြစ်ပါကြောင်း၊ ထို့ကြောင့် သံလွင်မြစ်ကူး ကြိုးတံတား (တာဆန်း) တည်ဆောက်ခြင်း စီမံကိန်းအတွက် လိုအပ်သော သံပေါင်နှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူအသုံးပြု နိုင်ရန် ဩစတြီးယားနိုင်ငံ၊ UniCredit Bank ထံမှ အတိုးမဲ့ချေးငွေ ယူရို (၈ ဒသမ ၄) သန်း ချေးယူမည့် ကိစ္စအား ပြည်ထောင်စုလွှတ်တော်မှ ခွင့်ပြုပေးနိုင်ပါရန် တင်ပြအပ်ပါကြောင်း ပြောကြားသည်။

ဒုတိယဝန်ကြီး ဦးမောင်မောင်ဝင်း က ယခုချေးငွေစီမံကိန်းသည် နိုင်ငံတော်၏ အခြေခံအဆောက်အဦ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း ဖြစ်ပါကြောင်း၊ ၂၀၁၉ - ၂၀၂၀ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု၏ ဘဏ္ဍာငွေ အရ အသုံးဆိုင်ရာ ဥပဒေနှင့် ပြည်သူ့ကြွေးမြီ စီမံခန့်ခွဲမှု ဥပဒေ တို့နှင့် ကိုက်ညီပါကြောင်း၊ ၂၀၁၈ခုနှစ် ကာလလတ် ကြွေးမြီစီမံခန့်ခွဲမှု မဟာဗျူဟာ၊ ဖွံ့ဖြိုးမှုအကူအညီများဆိုင်ရာ မူဝါဒ များနှင့်လည်း ကိုက်ညီပါကြောင်း၊ ထို့ကြောင့် သံလွင်မြစ်ကူးတံတား (တာဆန်း) ကြိုးတံတား တည်ဆောက်ခြင်း စီမံကိန်း အတွက်လိုအပ်သည့် သံဘောင်နှင့် ဆက်စပ်ပစ္စည်းများ ဝယ်ယူခြင်း လုပ်ငန်းကို အကောင်အထည် ဖော်ဆောင်ရွက်ရန်အတွက် ဩစတြီးယားနိုင်ငံ၊ UniCredit Bank ထံမှ အတိုးမဲ့ ချေးငွေ ယူရို ၈ ဒသမ ၄သန်း ရယူနိုင်ရေးကိစ္စကို ပြည်ထောင်စုလွှတ်တော်က ဆွေးနွေးသုံးသပ်၍ အတည်ပြုပေး နိုင်ပါရန် တင်ပြအပ်ပါကြောင်း ပြောကြား သည်။

ဆက်လက်၍ ပြည်ထောင်စုလွှတ်တော် နာယက က ယင်းကိစ္စနှင့်စပ်လျဉ်း၍ ဆွေးနွေးလိုသည့် လွှတ်တော်ကိုယ်စားလှယ်ရှိပါက အမည်စာရင်းတင်သွင်းနိုင်ကြောင်း ကြေညာသည်။

ဒုတိယအကြိမ် ပြည်ထောင်စုလွှတ်တော် (၁၇) ကြိမ်မြောက် ပုံမှန်အစည်းအဝေး (၁၃) ရက်မြောက်နေ့ကို ဩဂုတ် ၂၆ ရက်တွင် ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

 

အောင်ရဲသွင်၊ အေးအေးသန့်