Skip to main content

ဒုတိယဝန်ကြီး ဗိုလ်ချုပ်ခွန်သန့်ဇော်ထူး မွန်ပြည်နယ်နှင့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒေသဖွံ့ဖြိုးရေးနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး

နေပြည်တော် အောက်တိုဘာ၁၈     

နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ် ခွန်သန့်ဇော်ထူးသည် တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး ညောင်နှစ်ပင် စိုက်ပျိုးမွေးမြူရေး အထူးဇုန်(၃)ရှိ နယ်စပ်ရေးရာဝန်ကြီးဌာန စိုက်ပျိုးမွေးမြူရေးစခန်းသို့ရောက်ရှိပြီး လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများကို လှည့်လည်ကြည့်ရှုစစ်ဆေးကာ လိုအပ်သည်များ မှာကြားသည်။

ကြည့်ရှုစစ်ဆေး

ထို့ပြင် ဒုတိယဝန်ကြီးသည် ယမန်နေ့ နံနက်ပိုင်းက သထုံမြို့ရှိ နယ်စပ်ဒေသ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းနှင့် ခရိုင်ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးများသို့ ရောက်ရှိပြီး ဝန်ထမ်းများအား ချီးမြှင့်ငွေများပေးအပ်ကာ ကျောင်းဝင်းအတွင်း လှည့်လည် ကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ထို့နောက် သထုံမြို့ အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းသို့ရောက်ရှိပြီး တာဝန်ရှိသူများနှင့် တွေ့ဆုံကာ လိုအပ်သော သင်ထောက်ကူပစ္စည်းများနှင့် ဘောလုံးကွင်းပြေးလမ်း လိုအပ်ချက်များအပေါ် ဝန်ကြီးဌာနအနေဖြင့် ပေါင်းစပ်ညှိနှိုင်း ဖြည့်ဆည်းဆောင်ရွက်ပေးသွားမည့် အခြေအနေများကို ရှင်းလင်းပြောကြားသည်။

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် မုဒုံမြို့သို့ ရောက်ရှိပြီး အမျိုးသမီးအိမ်တွင်းမှု သက်မွေးလုပ်ငန်းပညာသင်တန်းကျောင်း၌ ဝန်ထမ်းများနှင့်တွေ့ဆုံကာ ချီးမြှင့်ငွေများ ပေးအပ်ပြီး ကျောင်းဝင်းအတွင်း လိုက်လံကြည့်ရှုစစ်ဆေးသည်။

ဆက်လက်၍ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ခွင့်ပြုရန်ပုံငွေဖြင့် ဆောင်ရွက်နေသည့် ချောင်းဆုံမြို့နယ် ဒရယ်ကျေးရွာမှ တောင်စွန်းကျေးရွာသို့ ဆက်သွယ်မည့် ကလွီရွာ ရှောင်ကွင်းမြေသား လမ်းဖောက်လုပ်ခြင်းလုပ်ငန်းအား သွားရောက်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ဒုတိယဝန်ကြီးနှင့်အဖွဲ့သည် ကျိုက်မရောမြို့နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးနှင့် မွန်ပြည်နယ် ဖွံ့ဖြိုးမှုကြီးကြပ်ရေးရုံးတို့သို့ရောက်ရှိပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေး၍ ချီးမြှင့်ငွေများပေးအပ်ကာ ရုံးဝင်းအတွင်း လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။

သတင်းစဉ်