နေပြည်တော် အောက်တိုဘာ ၁၆
ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင်သည် မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီး H.E. Mr. Harishchandra Ghimire အား ယနေ့နံနက်ပိုင်းတွင် အဆိုပါဝန်ကြီးဌာနရှိ ပြည်ထောင်စုဝန်ကြီး၏ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံသည်။
တွေ့ဆုံစဉ် မြန်မာနိုင်ငံဆိုင်ရာ နီပေါသံအမတ်ကြီးက နီပေါနိုင်ငံရှိ လုမ္ဗိနီဒေသသည် ဘုရားဖူးခရီးသွားများ သွားရောက်လည်ပတ်ရန် အကောင်းဆုံးနေရာဖြစ်ပြီး ခရီးသွားဧည့်သည် လာရောက်မှုအခြေအနေ၊ လေကြောင်းလိုင်းများ ပြေးဆွဲရေးနှင့်စပ်လျဉ်း၍ မြန်မာနိုင်ငံ အမျိုးသားလေကြောင်းနှင့် မြန်မာနိုင်ငံ နိုင်ငံတကာလေကြောင်းလိုင်းများဖြင့် တွေ့ဆုံဆွေးနွေးမှု၊ နီပေါနိုင်ငံတွင် e-visa စနစ် ဆောင်ရွက်နေမှုနှင့် နှစ်နိုင်ငံခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မှုမြှင့်တင်ရေးကိစ္စရပ်များကို အသေးစိတ်ဆွေးနွေးပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာနအနေဖြင့် နီပေါနိုင်ငံယဉ်ကျေးမှု၊ ခရီးသွားလုပ်ငန်းနှင့် မြို့ပြလေကြောင်း ပို့ဆောင်ရေးဝန်ကြီးဌာနတို့အကြား လက်မှတ်ရေးထိုးထားသည့် ခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာကို ဆက်လက်အကောင်အထည်ဖော်ရေး၊ ဘုရားဖူးခရီးသွားများအတွက် Charter Flight များ ပြန်လည်ပြေးဆွဲနိုင်ရေး၊ ဗုဒ္ဓဂယာ၊ လုမ္ဗိနီကဲ့သို့ ဘုရားဖူးခရီးစဉ်များအတွက် လေကြောင်းလိုင်းများနှင့် ပုဂ္ဂလိကအဖွဲ့အစည်းများကို ဘုရားဖူးခရီးစဉ်များ စီစဉ်ပြေးဆွဲနိုင်ရေး၊ လေကြောင်းလိုင်းပြေးဆွဲမှုများရှိပြီး ဖြစ်သောကြောင့် နှစ်နိုင်ငံ၏ ခရီးသွားလုပ်ငန်းဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်နိုင်ရေး၊ နီပေါနိုင်ငံတွင် တောင်တက်ခရီးသွားလုပ်ငန်း ဆောင်ရွက်လျက်ရှိသကဲ့သို့ မြန်မာနိုင်ငံတွင်လည်း Adventure Tourism ဖွံ့ဖြိုးရန် ဆောင်ရွက်နေပြီဖြစ် သောကြောင့် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်သွားရေး ဆွေးနွေးပြောကြားသည်။
သတင်းစဉ်