Skip to main content

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မှတ်ပုံတင်ခွင့်ပြုပြီး နိုင်ငံရေးပါတီများမှဥက္ကဋ္ဌများ၊ ခေါင်းဆောင်များတွေ့ဆုံ

နေပြည်တော် အောက်တိုဘာ ၁၆

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် မှတ်ပုံတင်ခွင့်ပြုပြီးသော နိုင်ငံရေးပါတီ ၃၇ ပါတီ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌ ဦးသိန်းစိုးနှင့် ကော်မရှင်အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရုံးမှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီ ၃၇ ပါတီမှ ဥက္ကဋ္ဌများ၊ ခေါင်းဆောင်များနှင့်တာဝန်ရှိသူများ တက်ရောက်ကြသည်။

သရုပ်ပြစမ်းသပ်မဲပေးခြင်းတို့ကို ဆောင်ရွက်ခဲ့

အခမ်းအနားတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ကော်မရှင်အနေဖြင့် ၂၀၂၃ ခုနှစ် စက်တင်ဘာ ၅ ရက်တွင် နိုင်ငံရေးပါတီ ၃၆ ပါတီမှ တာဝန်ရှိသူများကို ရန်ကုန်မြို့၌ တွေ့ဆုံပြီး မြန်မာအီလက်ထရောနစ် မဲပေးစက်နှင့်စပ်လျဉ်း၍ ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း၊ ယခုထပ်မံ၍ နိုင်ငံရေးပါတီ ၃၇ ပါတီမှဥက္ကဋ္ဌနှင့် ခေါင်းဆောင်များကို တွေ့ဆုံဆွေးနွေးခြင်း ဖြစ်ကြောင်း။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်ခွင့်ပြုပြီးဖြစ်သော နိုင်ငံရေးပါတီများအနေဖြင့် နိုင်ငံရေးပါတီများမှတ်ပုံတင်ခြင်း ဥပဒေ၊ နည်းဥပဒေများနှင့်အညီ ပါတီဝင်များကို စည်းရုံးရန်နှင့် စစ်ဆေးခံနိုင်ရေးဆောင်ရွက်ထားရန်ညွှန်ကြားခဲ့ကြောင်း၊ သတ်မှတ်ချက်နှင့် ကိုက်ညီမှုရှိ/မရှိကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၊ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ်လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာနတို့က စစ်ဆေးလျက်ရှိကြောင်း။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ နိုင်ငံရေးပါတီများက တင်ပြလာသော ပါတီဝင်အင်အားစာရင်းများကို ကနဦးစိစစ်တွေ့ရှိချက်များအရ သတ်မှတ်ချက်များနှင့် ကိုက်ညီမှုမရှိသည့် ပါတီဝင်များပါရှိနေသည်ကို တွေ့ရှိရသည့်အတွက် ပါတီဝင်အင်အားစာရင်းများကို ပြန်လည်စိစစ်ပြင်ဆင်ပေးရန် အကြောင်းကြားဆောင်ရွက်ခဲ့ရကြောင်း၊ သက်ဆိုင်ရာ ပါတီတာဝန်ခံများက စနစ်တကျစိစစ်မှုခံယူရေး အလေးထားဆောင်ရွက်ကြရန်လိုကြောင်း၊ ပါတီဝင်အင်အားစာရင်းများ ထပ်မံစုဆောင်းရရှိပါကလည်း ကော်မရှင်နှင့်သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင် အဖွဲ့ခွဲများသို့ သတ်မှတ်ပုံစံများဖြင့် ပြုစုပေးရမည်ဖြစ်ကြောင်း။

သတ်မှတ်ကာလအတွင်း ပါတီရုံးခန်းများဖွင့်လှစ်

မှတ်ပုံတင်ခွင့်ပြုခဲ့သည့် နိုင်ငံရေးပါတီများအနက်အချို့သော နိုင်ငံရေးပါတီများသည် ယခုအောက်တိုဘာလတွင်ရက်ပေါင်း ၁၈၀ ပြည့်မည်ဖြစ်သဖြင့် သတ်မှတ်ကာလအတွင်း ပါတီရုံးခန်းများ ဖွင့်လှစ်ရမည်ဖြစ်ကြောင်း၊ ပါတီရုံးခန်းဖွင့်လှစ်ခြင်းနှင့် ပါတီဆိုင်းဘုတ်တင်ခြင်းများ ဆောင်ရွက်ရာ၌ သက်ဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့အစည်းနှင့် စည်ပင်သာယာရေးအဖွဲ့အစည်းတို့၏ ခွင့်ပြုချက် ရယူဆောင်ရွက်ရန်လိုကြောင်း၊ အစိုးရပိုင်အဆောက်အဦ၊ နိုင်ငံ့ဝန်ထမ်းပိုင်အဆောက်အဦ၊ ပိုင်ဆိုင်မှုအငြင်းပွားအဆောက်အဦနှင့် ဘာသာရေးဆိုင်ရာ အဆောက်အဦများတွင် ဖွင့်လှစ်ခြင်းမပြုရန်နှင့် မြို့နှင့်ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ပါတီရုံးများဖွင့်လှစ်ထားပါက ဖြုတ်သိမ်းရန်အကြောင်းကြားပြီးဖြစ်သဖြင့် သတ်မှတ်ချက်နှင့်အညီ လိုက်နာဆောင်ရွက်ရန်လိုအပ်ကြောင်း။

နိုင်ငံရေးပါတီများအနေဖြင့် ကျင်းပမည့်ရွေးကောက်ပွဲတွင် ယှဉ်ပြိုင်ရေးနှင့် အနိုင်ရရှိရေး ကြိုတင်ပြင်ဆင်ဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ဆောင်ရွက်ရာတွင် တည်ဆဲဥပဒေ၊ နည်းဥပဒေများ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ လိုက်နာဆောင်ရွက်ရန်လိုကြောင်း၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် ပါတီအကြီး၊ အငယ်၊ အဟောင်း၊ အသစ်မခွဲခြားဘဲ ဥပဒေနှင့်အညီတိကျစွာ ဆောင်ရွက်မည်ဖြစ်ကြောင်း။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် မြန်မာအီလက် ထရောနစ် မဲပေးစက်နှင့်စပ်လျဉ်းပြီး နေပြည်တော်ရှိ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းများ၊ ဝန်ကြီးဌာနအဖွဲ့အစည်းများ၊ တက္ကသိုလ်များနှင့် ရန်ကုန်မြို့၌ နိုင်ငံရေးပါတီများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ ရန်ကုန်တိုင်း ဒေသကြီးအစိုးရအဖွဲ့နှင့် တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာဝန်ထမ်းများကို ရှင်းလင်းခြင်း၊ လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း၊ တိုင်းဒေသကြီးနှင့် ပြည်နယ်များရှိ ပြည်သူလူထုကိုလည်း ရှင်းလင်းပြသခြင်း၊ စမ်းသပ်မဲပေးစေခြင်းများ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ တစ်ချိန်တည်းတွင် ရွေးကောက်ပွဲအကြိုကာလလုပ်ငန်းစဉ်များကို တာဝန်ရှိသူအဆင့်ဆင့်က ကြပ်မတ်စစ်ဆေးခြင်းများ ဆောင်ရွက်လျက်ရှိကြောင်း။

နိုင်ငံရေးပါတီများ၏အခန်းကဏ္ဍသည် အလွန်အရေးပါ

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်သည် စစ်မှန်၍စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ်ကို ကျင့်သုံးသည်ဖြစ်ရာ နိုင်ငံရေးပါတီများ၏ အခန်းကဏ္ဍသည် အလွန်အရေးပါကြောင်း၊ နိုင်ငံရေးပါတီများအားလုံးအနေဖြင့် နိုင်ငံတော်အကျိုး၊ ပြည်သူလူထုအကျိုး၊ မိမိဒေသနှင့် တိုင်းရင်းသားလူမျိုးစုအကျိုး ကိုယ်စားပြုဆောင်ရွက်နိုင်သော ကိုယ်စားလှယ်လောင်းများ ရွေးကောက်ခံစင်မြင့်သို့ရောက်ရှိလာရေး ဆောင်ရွက်နိုင်သည့် နိုင်ငံရေးပါတီများဖြစ်အောင် ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပြောကြားသည်။

ဆက်လက်၍ အခမ်းအနားသို့ တက်ရောက်လာသည့် နိုင်ငံရေးပါတီများမှ တာဝန်ရှိပုဂ္ဂိုလ်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနမှ အမြဲတမ်းအတွင်းဝန်နှင့် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်တို့က သက်ဆိုင်ရာကဏ္ဍအလိုက် ရှင်းလင်းတင်ပြကြသည်။

ထို့နောက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ဥက္ကဋ္ဌက ပြန်လည်ရှင်းလင်းဆွေးနွေးပြီး နိဂုံးချုပ်အမှာစကားပြောကြားကာ အခမ်းအနားကို ရုပ်သိမ်းလိုက်သည်။

သတင်းစဉ်