Skip to main content

Web Design and Management for Digital Museum ရေးသားနည်းသင်တန်းဆင်းပွဲ ကျင်းပ

နေပြည်တော် အောက်တိုဘာ ၁၆

ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာနမှ Digital Museum စနစ် အကောင်အထည်ဖော်ရေးလုပ်ငန်းများ ပိုမိုလျင်မြန်စွာ ပြီးမြောက်နိုင်ရေးနှင့်ဝန်ထမ်းများ၏ Digital နည်းပညာဆိုင်ရာ အသုံးချမှု အရည်အသွေး မြင့်မားလာစေရေး အတွက် ရည်ရွယ်၍ ဖွင့်လှစ်ခဲ့သော Web Design and Management for Digital Museum ရေးသားနည်း အလယ်အလတ်အဆင့် သင်တန်းဆင်းပွဲကို ယနေ့မွန်းလွဲပိုင်းတွင် အမျိုးသားပြတိုက်(နေပြည်တော်)၌ ကျင်းပသည်။

သင်တန်းဆင်းပွဲသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီးဒေါ်နုမြဇံ၊ ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ညွှန်ကြားရေးမှူးများ၊ အရာထမ်း၊ အမှုထမ်းများ၊ သင်တန်းနည်းပြများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

သင်တန်းဆင်းပွဲတွင် ဒုတိယဝန်ကြီး ဒေါ်နုမြဇံကသင်တန်းသား ဝန်ထမ်းများအနေဖြင့် မိမိတို့တာဝန်ကျရာ ဒေသများသို့ ပြန်လည်ရောက်ရှိပါက ယခု သင်ကြားခဲ့သည်များကို အခြေခံ၍ ပြတိုက်များ၏ Web Design များရေးဆွဲကာ Digital Museum အဆင့်မြှင့်တင် ပြသနိုင်ရေး အကောင်အထည်ဖော် ကြိုးစားဆောင်ရွက်သွားကြရန်နှင့် Web Design ရေးဆွဲခြင်း၊ အချက်အလက် ဖြည့်သွင်းခြင်းလုပ်ငန်းများကို ပထမအဆင့်အဖြစ် ၂၀၂၃ ခုနှစ် ဒီဇင်ဘာလကုန်တွင် အပြီးရေးဆွဲရန် တိုက်တွန်းပါကြောင်း၊ ကျန်ရှိသောပြတိုက်များရေးဆွဲရာတွင်လည်း သင်တန်းတက်ရောက် ထားသူများအနေဖြင့် မိမိတို့အတွေ့အကြုံ၊ အားသာချက်၊ အားနည်းချက်များကို ဖြည့်စွက် ပြင်ဆင် အဆင့်မြှင့်သွားကြရန်လိုကြောင်း ပြောကြားသည်။

ထို့နောက် သင်တန်းသားများက အဖွဲ့ခြောက်ဖွဲ့ခွဲ၍ Web Design ရေးဆွဲထားသော အမျိုးသားပြတိုက် (ရန်ကုန်)၊ အမျိုးသားပြတိုက် (နေပြည်တော်)၊ ပုဂံ ရှေးဟောင်းသုတေသနပြတိုက်၊ ဟံသာဝတီ ရှေးဟောင်းသုတေသနပြတိုက်၊ သီရိခေတ္တရာပြတိုက်၊ မန္တလေးမြနန်းစံကျော် ရွှေနန်းတော် ယဉ်ကျေးမှုပြတိုက်တို့၏ ရေးဆွဲဆောင်ရွက်ဆဲလုပ်ငန်းများကို ရှင်းလင်းပြသရာ ဒုတိယဝန်ကြီးနှင့် တာဝန်ရှိသူများက လိုအပ်သည်များကို ဖြည့်စွက်ပြင်ဆင်အကြံပြုပေးကြသည်။

အမှတ်တရလက်ဆောင် ပေးအပ်ခဲ့

ယင်းနောက် ဒုတိယဝန်ကြီးဒေါ်နုမြဇံက သင်တန်းသား၊ သင်တန်းသူများအား သင်တန်းဆင်းလက်မှတ်များပေးအပ်ပြီး ရှေးဟောင်းသုတေသနနှင့် အမျိုးသားပြတိုက်ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က သင်တန်းဆရာ ဆရာမများကို အမှတ်တရလက်ဆောင်ပေးအပ်ခဲ့ကြောင်း သိရသည်။

သတင်းစဉ်