နေပြည်တော် အောက်တိုဘာ ၁၆
နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဖွင့်လှစ်သည့် အခြေခံသံတမန်ရေးရာ ကျွမ်းကျင်မှုသင်တန်းအမှတ်စဉ် (၄၄/၂၀၂၃) သင်တန်းဖွင့်ပွဲ အခမ်းအနားများကို ယနေ့နံနက်ပိုင်းတွင် (နေပြည်တော်)ရှိ နိုင်ငံခြားရေး ဝန်ကြီးဌာနလောကနတ်ခန်းမ၌ လည်းကောင်း၊ (ရန်ကုန်မြို့)ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ဇင်းမင်းရာဇာခန်းမ၌ လည်းကောင်း တစ်ပြိုင်တည်းကျင်းပရာ ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ တက်ရောက်အမှာစကား ပြောကြားသည်။
တက်ရောက်
သင်တန်းဖွင့်ပွဲအခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ အငြိမ်းစား သံအမတ်ကြီးများ၊ ဝါရင့်သံတမန်များ၊ ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများ၊ ဝန်ကြီးရုံးနှင့် ဦးစီးဌာနများမှ ညွှန်ကြားရေးမှူးချုပ်များ၊ ဝန်ကြီးဌာနများမှ တာဝန်ရှိသူများ၊ တက္ကသိုလ်များမှ ပါမောက္ခဆရာကြီး၊ ဆရာမကြီးများနှင့် နေပြည်တော်နှင့် ရန်ကုန်မြို့တို့မှ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
တက်ရောက်သင်ယူနိုင်
အဆိုပါ သင်တန်းတွင် သံတမန်ရေးရာဘာသာရပ်များ၊ နိုင်ငံတကာရေးရာများ၊ နိုင်ငံတကာ ဆက်ဆံရေးဘာသာရပ်များ၊ နိုင်ငံတကာဥပဒေများ၊ စီးပွားရေးဆိုင်ရာဘာသာရပ်များ၊ စေ့စပ်ညှိနှိုင်းခြင်းနှင့် နိုင်ငံတကာ အစည်းအဝေးကျင်းပခြင်း စသည့်ဘာသာရပ်များပါဝင်ပြီး သင်တန်းကာလမှာ ရက်သတ္တ ၁၂ ပတ် ကြာမြင့်မည်ဖြစ်ကြောင်းနှင့် အခြေခံသံတမန်ရေးရာကျွမ်းကျင် မှုသင်တန်းများကို ၂၀၀၀ ပြည့်နှစ်ကတည်းက စတင်ဖွင့်လှစ်ခဲ့ပြီး နိုင်ငံ့ဝန်ထမ်းများသာမက သံတမန်ရေးရာနှင့် နိုင်ငံတကာရေးရာများကို စိတ်ဝင်စားသော ပြင်ပပုဂ္ဂလိက နယ်ပယ်အသီးသီးမှ လေ့လာလိုသူများ တက်ရောက်သင်ယူနိုင်ကြောင်း သိရသည်။
တွေ့ဆုံဆွေးနွေး
သင်တန်းဖွင့်ပွဲအပြီးတွင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် မြန်မာသံတမန် သင်တန်းကျောင်း ထူထောင်နိုင်ရေးအတွက် ဖွဲ့စည်းထားရှိသော မြန်မာသံတမန် သင်တန်းကျောင်း အတိုင်ပင်ခံပညာရှင်များအဖွဲ့ အဖွဲ့ဝင်များနှင့် (ရန်ကုန်မြို့)ရှိ နိုင်ငံခြားရေးဝန်ကြီးဌာန စတုရင်္ဂဗလခန်းမ၌ တွေ့ဆုံဆွေးနွေးသည်။
ရှင်းလင်းပြောကြား
မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးချုပ်နှင့် နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးသည် ရန်ကုန်မြို့မြန်မာနိုင်ငံ မဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည့် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့မှ ဝါရင့်အကြံပေးအဖွဲ့ဝင်များ၊ အမှုဆောင်အဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက်ပြီး ဒေသတွင်းနှင့် နိုင်ငံတကာဆက်ဆံရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုအခြေအနေများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားသည်။
ထို့ပြင် မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာ ရေးအဖွဲ့အနေဖြင့် နိုင်ငံ၏ အမျိုးသားအကျိုးစီးပွားအတွက် ကဏ္ဍစုံတွင် ပညာရှင်ရှုထောင့်မှ အကြံပြုချက်များ အထောက်အကူ ပြုပံ့ပိုးနိုင်ရန် တိုက်တွန်းပြောကြားသည်။
အစီရင်ခံတင်ပြ
တွေ့ဆုံပွဲ အခမ်းအနားသို့ မြန်မာနိုင်ငံမဟာဗျူဟာနှင့် နိုင်ငံတကာလေ့လာရေးအဖွဲ့မှ ဥက္ကဋ္ဌနှင့် ဝါရင့်အကြံပေးအဖွဲ့ဝင်များ၊ အမှုဆောင်အဖွဲ့ဝင်များ တက်ရောက်ကြပြီး အဖွဲ့၏ဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းအခြေအနေများနှင့်စပ်လျဉ်း၍ အစီရင်ခံတင်ပြခဲ့ကြကြောင်း သတင်းရရှိသည်။
သတင်းစဉ်