Skip to main content

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) (၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အခမ်းအနားသို့ တက်ရောက်လာကြသူများ၏ ရင်တွင်းစကားသံများ

ဦးကိုကိုလှိုင် (ပြည်ထောင်စုဝန်ကြီး)

NCA ဆိုတကာက ညှိနှိုင်းပြီးတော့မှ ထွက်ပေါ်လာတဲ့ရလဒ်ဖြစ်ပါတယ်။ အဲဒီရလဒ်ကိုလည်းပဲနိုင်ငံတကာ အသိသက်သေတွေရှေ့မှာ လက်မှတ်ရေးထိုးခဲ့ပြီးတော့ လွှတ်တော်ကလည်းပဲ မှတ်တမ်းတင်ထားပြီး ဖြစ်ပါတယ်။ NCA က တစ်ကယ်တမ်းပြောရမယ်ဆိုရင်တော့ ခေတ်အဆက်ဆက်က ကြိုးပမ်းခဲ့ကြတဲ့ ပြည်တွင်းငြိမ်းချမ်းရေးကို အများကြီးအထောက်အကူပြုနိုင်ဖို့အတွက် မျှော်လင့်ထားတာဖြစ်ပါတယ်။ သို့သော်လည်းပဲ မြန်မာနိုင်ငံရဲ့အခြေအနေတွေက လွတ်လပ်ရေးရကတည်းက သူများနိုင်ငံတွေနဲ့ယှဉ်ရင် အင်မတန်ရှုပ်ထွေးပါတယ်။ လွတ်လပ်ရေးမရခင်ကတည်းက ပေါ်ပေါက်လာခဲ့တဲ့ ပြည်တွင်းသောင်းကျန်းမှုအဖွဲ့အမျိုးမျိုး၊ သူတို့ရဲ့ရည်ရွယ်ချက်အမျိုးမျိုး၊ သူတို့ရဲ့အကျိုးစီးပွားအမျိုးမျိုး၊ သူတို့ရဲ့အခြေအနေ၊ သူတို့ရဲ့နောက်ခံ background အမျိုးမျိုးကနေ ပေါ်ပေါက်လာတာဖြစ်တဲ့အတွက်ကြောင့် ပြီးပြည့်စုံအောင် အောင်မြင်ဖို့ဆိုတာကတော့ အခက်အခဲတွေ ကျော်လွှားကြရဦးမှာဖြစ်ပါတယ်။ အရေးကြီးဆုံးကတော့ ငြိမ်းချမ်းရေးကို စိတ်ထားမှန်မှန်နဲ့ အားလုံးက လိုချင်ကြပြီးတော့ အပြန်အလှန်ညှိနှိုင်းပြီးတော့မှ သူ့ဘက်ကိုယ့်ဘက် အလျှော့အတင်းလေးတွေ လုပ်ပေးနိုင်မယ်ဆိုရင်တော့ NCA သည် ဆက်ပြီးလျှောက်ရမယ့် လမ်းကြောင်းကြီးဖြစ်တယ်ဆိုတာ ပြောချင်ပါတယ်။

NCA လမ်းကြောင်းတစ်လျှောက်မှာ ဖြတ်သန်းလာကြရင်းနဲ့တွေ့ကြုံရတဲ့ စိန်ခေါ်မှုတွေ၊ အခက်အခဲတွေ အများကြီးရှိပါတယ်။ အဲ့ဒီအခက်အခဲတွေ၊ စိန်ခေါ်မှုတွေကို ယခုလိုပြန်လည်ဆုံဆည်းပြီး စုပေါင်းကျော်လွှားနိုင်ဖို့အတွက် ကြိုးပမ်းအားထုတ်ကြတာပဲဖြစ်ပါတယ်။ ကြိုးပမ်းအားထုတ်ကြတဲ့အချိန်မှာ ဘယ်လိုအခက်အခဲပဲတွေ့တွေ့ ပြည်တွင်းငြိမ်းချမ်းမှ၊ ပြည်တွင်းတည်ငြိမ်အေးချမ်းမှ နိုင်ငံတော်ကဖွံ့ဖြိုးတိုးတက်မှာဖြစ်ပါတယ်။ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်ဖို့အတွက် တည်ငြိမ်မှုနဲ့အေးချမ်းမှုကို အားလုံးဝိုင်းပြီး တည်ဆောက်ရမယ်ဆိုတဲ့ ပြည်ထောင်စုစိတ်ဓာတ်၊ ငြိမ်းချမ်းရေးလိုလားတဲ့ စေတနာတွေနဲ့ ပေါင်းစပ်လိုက်မယ်ဆိုရင် ယခုကျင်းပတဲ့ NCA ပွဲဟာ ကောင်းမွန်တဲ့ရလဒ်တွေ ရလာလိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ဖြည့်စွက်ပြောချင်တာကတော့ ကျွန်တော်တို့နိုင်ငံက သူများနိုင်ငံတွေနဲ့စာရင် သယံဇာတတွေလည်း ပေါများပါတယ်။ လူအင်အားအရင်းအမြစ်ကလည်း ကြွယ်ဝပါတယ်။ တည်နေရာ အနေအထားကလည်း အင်မတန်မှ မဟာဗျူဟာအချက်အချာကျပါတယ်။ အဘက်ဘက်က ပြည့်စုံနေတဲ့နိုင်ငံတစ်ခုဟာ တည်ငြိမ်အေးချမ်းပြီး အားလုံးက ညီညီညွတ်ညွတ်နဲ့ စုပေါင်းပြီးလုပ်ကိုင်ကြမယ်ဆိုရင် ဖွံ့ဖြိုးတိုးတက်လာဖို့က အသေအချာပါပဲ။ အခုအချိန်မှာ လိုအပ်ချက်က စည်းစည်းလုံးလုံးညီညီညွတ်ညွတ်နဲ့ တည်ငြိမ်အေးချမ်းမှုကို တည်ဆောက်ဖို့ပါပဲ။ ဒါကိုပြည်ထောင်စုသားအားလုံးရဲ့ ဘုံရည်မှန်းချက်အနေနဲ့ထားရှိကြပြီး တစ်ယောက်နဲ့တစ်ယောက် အပြန်အလှန်နားလည်မှုတွေ၊ ယုံကြည်မှုတွေ၊ အပြန်အလှန်လိုက်လျောမှုတွေကို သဘောထားကြီးကြီးနဲ့ ညီအစ်ကိုလို စိတ်ဓာတ်တွေနဲ့ ဝိုင်းဝန်းပြီးဆောင်ရွက်ကြမယ်ဆိုရင် ပြည်တွင်းတည်ငြိမ်အေးချမ်းမှုနဲ့ ငြိမ်းချမ်းရေးဟာ မလွဲမသွေရနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။

ဦးခက်ထိန်နန်(ကချင်ပြည်နယ်ဝန်ကြီးချုပ်)

ဒီနေ့အခမ်းအနားကနေပြီးတော့ အတိုင်းအတာတစ်ခုအထိ အရွေ့တစ်ခုတော့ သေချာပေါက်ရှိမယ်လို့ ယုံကြည်ပါတယ်။ ငြိမ်းချမ်းရေးကို နောက်ထပ်ကြိုးစားပေါ့နော်။ ငြိမ်းချမ်းရေးကို နောက်ထပ်လှမ်းဖို့အတွက်စွမ်းအားတွေ ရရှိလာမယ်လို့ထင်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးက နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့ အဓိကအခြေခံအုတ်မြစ်ဖြစ်ပါတယ်။ ဒီ(၈)နှစ်ပြည့် NCA ကနေပြီးတော့ အရှိန်အဟုန်နဲ့ ပျံသွားနိုင်မယ်လို့ ယုံကြည်ပါတယ်။

ဒေါက်တာအေးမောင် (ရခိုင်ဦးဆောင်ပါတီ ဥက္ကဋ္ဌ)

ကမ္ဘာကြီးကလည်း စစ်ဖြစ်နေပြီ။ အခုရှေ့တင် ပြန်ဖြစ်နေကြပြီ။ နှစ် ၆၀၊ ၇၀ ဖြစ်လာတဲ့ စစ်ပွဲကြီးကို ဒီ ၈ နှစ်မြောက် NCA ကနေ တစ်ခုခုသန္နိဋ္ဌာန်ချမှတ်နိုင်မယ်၊ နောက်တစ်ဆင့်အနေနဲ့ ညီလာခံတစ်ခုကို သွားနိုင်တယ်။ Before General Election ပေါ့နော်။ ကျွန်တော်တို့ဘက်က ထိပ်သီးခေါင်းဆောင်တွေစုနေပြီ။ ပြည်ထောင်စုကိုဘယ်လိုသွားပြီး ဝိုင်းစုမှာလဲ။ ဒါအဖြေတစ်ခုပေါ့နော်။ နောက်တစ်ခုမတူတာအနေနဲ့ ညှိနှိုင်းမှုလေးတွေ ရှိလာနိုင်တယ်။ ဆိုလိုတာက တပ်မတော်ဘက်က ခေါင်းဆောင်တွေ၊ EAO ခေါင်းဆောင်တွေကြားမှာ သံခင်းတမန်ခင်းလို လွန်းပျံလေးလိုလာမယ်။ ဘာကိုသဘောမတူတာလဲ၊ ဘာကိုမယုံကြည်တာလဲ။ ပွင့်ပွင့်လင်းလင်းပြောရင် သဘောထားကြီးကြီးနဲ့ သင်ပုန်းချေဖို့အတွက် နိုင်ငံအသစ်ကို မှန်းပြီးသွားရမယ့် ကာလတစ်ခုအတွက် ခဏဒီမှာတွေ့ကြတာပေါ့။ သဘောတူညီချက်တစ်ခုယူပြီးရင် ဘယ်လိုသွားကြမှာလဲ။

NCA ကို လက်မခံဘူးလို့ ပြောကြတဲ့အဖွဲ့အစည်းတွေလည်းရှိနိုင်တာပေါ့။ NCA သည် ဒီနေ့အထိတော့ တစ်ခုတည်းသော လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးမှတ်တိုင်တစ်ခုပါပဲ။ ပြည်ထောင်စုလွှတ်တော်က အတည်ပြုထားတယ်၊ နိုင်ငံတကာသံတမန်တွေရဲ့ရှေ့မှာ လုပ်ခဲ့တယ်၊ ခိုင်မာတယ်။ ဒီလောက်ခိုင်မာတဲ့ မရသေးဖူးတဲ့ညှိနှိုင်းမှုတစ်ခုရထားပြီးသားကို ဖောင်ဒေးရှင်းထားရမှာပေါ့။ ပြီးမှဘယ်လိုရှေ့ဆက်သွားကြမှာလဲ။ ကျွန်တော်တို့ အဖြေတစ်ခုထုတ်ဖို့လိုတယ်။ ကနဦးအဖြေရပြီးသား။ အဲ့ဒီအဖြေရဖို့ သိသလောက် ၂ နှစ်လောက် ကြာတယ်ဗျ။ ဦးအောင်မင်းတို့ညှိကြ။ လွန်းပျံသွားကြ။ ဦးသိန်းစိန်လက်ထက်ပြီးမှရတဲ့ NCA ခြောက်နှစ် ကျော်ကျော်။ ကျွန်တော်တို့ Election ကာလဆို ခြောက်နှစ်လောက်ပေါ့။ လွှတ်တော်အတွင်းက ခင်ဗျားတို့ သိတဲ့အတိုင်းပါပဲ။ ဖွဲ့စည်းပုံပြင်ကြတယ်။ အဲဒီမှာ စစ်ဘက် အရပ်ဘက် ပွတ်တိုက်မှုတွေ ရှိကြတယ်။ ပိုပြီးတော့ စစ်ဘက်အရပ်ဘက် ဆက်ဆံရေးကို ကွာဟစေတာပေါ့။ NCA ဆိုတာ UPDJC မှာ အခြေခံပြီးတော့ဆွေးနွေးကြတယ်၊ ညီလာခံကို ဖြတ်တယ်။ ဘာကိုပြင်မယ်ဆိုတဲ့ သဘောတူညီချက်တွေရတယ်။ National Accord ဖြစ်လာတယ်။ အခြေခံဥပဒေကို ဘယ်လိုပြင်ကြမလဲ၊ ပြုကြမလဲဆိုတဲ့ ညှိနှိုင်းမှုကြီးနဲ့သွားတာပေါ့။ လွှတ်တော်မရှိတော့ NCA ရဲ့ ပြင်ပကို ရောက်နေကြတာပေါ့။ လွှတ်တော်ပါမှ UPDJC မှာ အင်္ဂါရပ်၊ အင်္ဂါရုပ်ညီတယ်လေ။ လွှတ်တော်မရှိလို့ NCA မငြိမ်ဘူးလို့ပြောပေမယ့် NCA သည် အသက်ရှင်ဆဲဖြစ်တယ်။ ပြန်ပြီးအသက်ဝင်ဖို့အတွက် ရွေးကောက်ပွဲ ဖြတ်သန်းမှပဲ NCA မှာပါတဲ့အတိုင်း UPDJC ဆိုတဲ့ ညှိနှိုင်းမှုမဏ္ဍိုင်ကနေ ညီလာခံကို တက်နိုင်အောင် အတွင်းစည်းထဲမှာညှိကြတာပေါ့။ ရွေးကောက်ပွဲတစ်ခုရှိရမယ်။ အရေးပေါ်ကာလ ပြဋ္ဌာန်းချက်သည် အခြေခံဥပဒေအရ ဖြတ်သန်းရတယ်၊ ကာလုံကိုအပ်ရမယ်။ ကာလုံဘက်က ရွေးကောက်ပွဲလုပ်ပေးရမယ်။ တည်ငြိမ်အေးချမ်းမှုရှိအောင် အခြေခံဥပဒေအရ ရွေးကောက်ပွဲ ဖော်ဆောင်ပေးရမယ်။ လွှတ်တော်မရှိတဲ့အခါ၊ အရေးကြီးတဲ့အခါ ၄၂၅ ကို သုံးကြတာပေါ့။ တည်ငြိမ်အေးချမ်းရင် ရွေးကောက်ပွဲသည် ထွက်ပေါက်ပဲ၊ အခြေခံဥပဒေအရပြောတာပါ။ ရွေးကောက်ပွဲအလွန်ကာလမှာဖြစ်လာမယ့် အစိုးရရဲ့တာဝန်ဟာ အလွန်အရေးကြီးတယ်။ ဒါ့ကြောင့်ညှိနှိုင်းမှုက အလွန်လိုအပ်တယ်။ ငြိမ်းချမ်းမှုအတွက် ကျွန်တော်တို့ ဘယ်လိုသွားမှာလဲ။ ကျွန်တော်တို့ပြည်ထောင်စုကို ဘယ်လိုတည်ဆောက်ကြမှာလဲ။ ခင်ဗျားတို့ သိတဲ့အတိုင်း ဘင်္ဂလားဒေ့ရှ်က ဖွံ့ဖြိုးတိုးတက်မှုကိုသွားနေပြီ။ ၁၉၇၁ မှ လွတ်လပ်ရေးရတယ်၊ ဘာကြောင့်ဖွံ့ဖြိုးတိုးတက်တာလဲ၊ သဘာဝဘေးအန္တရာယ်အကုန်လုံး ဒုက္ခတွေပေါင်းစုံနေတဲ့နိုင်ငံကြီး ဘာလို့ဖွံ့ဖြိုးတိုးတက်တာလဲ။ ကျွန်တော်တို့နိုင်ငံက သယံဇာတဒီလောက်များတာ ပွင့်ပွင့်လင်းလင်းပြောရင် သတ်ကြ ဖြတ်ကြ သံသရာထဲမှာ ဆက်ပြီးလည်နေကြအုံးမှာလား။ ရပ်သင့်ပြီလား။ ကမ္ဘာကြီးကိုကြည့်ပါ။

အဖွဲ့အစည်းဆိုတာလည်း ပေါင်းစုံရှိတာပဲ။ အခုသဘောထားနဲ့ မနေ့ကသဘောထား မနက်ဖြန် သဘောထားမတူနိုင်ဘူး၊ ကာလအခြေအနေကြောင့် ပြောင်းတတ်ပါတယ်။ NCA က ထွက်တယ်လို့ ဘယ်အဖွဲ့မှ တရားဝင်မကြေညာသေးဘူးထင်တယ်။ NCA သည် မပျက်စီးဘူး။ NCA သန္ဓေတည်တာ ပထမပါလီမန်ကတည်းကလေ။ ဦးသိန်းစိန်လက်ထက်မှာ ကြိုးစားကြတယ်။ ပြီးတော့ NCA စာချုပ်ချုပ်ဖို့ ၂ နှစ် နီးပါးလောက်ကြာတယ်။ Single Test တောင်မှ လိုင်ဇာကစတယ်။ နောက်မှပါခဲ့တဲ့ အဖွဲ့အစည်းတွေက တစ်ပိုင်းပေါ့နော်။ ဒီလောက်ပြဿနာပေါင်းစုံရှိတဲ့နိုင်ငံကို ဘယ်လိုဆွဲစိမှာလဲ။ NCA သည် ပထမဆုံးရတဲ့ အခြေခံဖောင်ဒေးရှင်းဆိုရင် ပိုပြီးရှင်သန်အောင်သွားမှပဲ ဒီပြဿနာကြီးကို ဖြေရှင်းနိုင်မယ်။ NCA သည် ပြီးပြည့်စုံသောစာချုပ် ဟုတ်ချင်မှ ဟုတ်လိမ့်မယ်။ ဒါပေမယ့် NCA သည် ရလဒ်ကောင်းတစ်ခုဖြစ်တယ်။ NCA သည် အဲဒီကာလက လိုအပ်တဲ့စာချုပ်ဖြစ်တယ်။ ဒါပေမယ့် အခုကာလမှာ ဒီထက်မကကောင်းအောင် ဘာပေါင်းဖို့လိုလဲဆိုတာကို ကာလံဒေသံအရတော့ မပြောတတ်ဘူး။ လက်နက်ကိုင်ဖြေရှင်းတဲ့နည်း အားလုံးသည် နိုင်ငံရေးအားဖြင့် ခုနကလို ဆွေးနွေးညှိနှိုင်းတာ မအောင်မြင်လို့ဆိုတဲ့ ပင်ရင်းကိုသွားပါတယ်။ လက်နက်ကိုင်တယ်ဆိုတာက နှစ်ပေါင်း ၅၀၊ ၆၀ ကြာလာတဲ့အခါ လက်နက်ကိုင်ခြင်းရဲ့ အကျိုးတရားအကြောင်းတရားကို သဘောပေါက်ကြပြီ၊ လူထုသေကြေ၊ ပစ္စည်းဥစ္စာဘယ်လောက်ဆုံးရှုံးသွားကြပြီဆိုတာ ကျွန်တော်တို့ သင်ခန်းစာရပြီးပြီ၊ ဘယ်လိုသွားသင့်သလဲ။ NCA စာချုပ်ဆိုတာ ရပြီးသားတစ်ခု။ အရေးကြီးတယ်။ ဘယ်အဖွဲ့အစည်းမဆို ပထမခြေလှမ်းလှမ်းဖို့အတွက် ဖောင်ဒေးရှင်းလှေကားထစ်က အရေးကြီးတယ်။ လှေကားထစ်မရှိရင် ကျမှာပေါ့။ ရပြီးသားကို အကျိုးရှိရှိသုံးစေချင်တယ်။ NCA သည် ပြီးပြည့်စုံခြင်းဟုတ်ချင်မှ ဟုတ်မယ်၊ သို့သော် လိုအပ်ချက်တစ်ခုဖြစ်တယ်။ NCA နဲ့ သွားစေချင်တယ်။ NCA ကတစ်ဆင့် ပိုပြီးငြိမ်းချမ်းတဲ့၊ ပိုပြီးခိုင်မာတဲ့ စာချုပ်တွေကိုရသွားရင် ကျွန်တော်တို့နိုင်ငံကြီး ပိုကောင်းမယ်လို့ယူဆတယ်။ နိုင်ငံရေးပါတီဆိုတာက သိတဲ့အတိုင်းပဲလေ။ ဥပဒေတစ်ခုရဲ့အောက်မှာ စည်းမျဉ်းစည်းကမ်းတွေနဲ့ ကျွန်တော်တို့ ဖွဲ့စည်းပြီးမှ တရားဝင်ပြည်သူလူထုကို စည်းရုံးမယ်၊ ချပြမယ် ကိုယ်ရဲ့မူဝါဒအပေါ်မှာ လက်ခံအောင် ဆွဲဆောင်စည်းရုံးရတာ ဖြစ်တဲ့အတွက် အလွန်ကျယ်ပြန့်သိမ်မွှေ့ နူးညံ့ပါတယ်။ လက်နက်ကိုင်ပဋိပက္ခက ကြမ်းတာပေါ့။ အမာ အမာချင်း ထပ်တိုက်တွေ့ကြတဲ့အခါမှာ အခုလိုပြဿနာ နှစ်ပေါင်း ၇၀ ကျော်ကျော်လောက် ဖြစ်လာတာပေါ့။ အဲတော့ အဖြေတွေ့ပြီလား အဖြေကဘာလဲ။ နောက်ဆုံးငြိမ်းချမ်းရေးဆိုတဲ့ တွေ့ဆုံဆွေးနွေးမှုကိုပဲ လာကြတယ်။ လက်နက်ကိုင်ပြီး ဘယ်လောက်ပဲမာမာ ညှိနှိုင်းမှုဆိုတဲ့နေရာကိုလာရတာ နိုင်ငံရေးပဲလေ။ နိုင်ငံရေးသည် စစ်ရေးထွက်ပေါက်အတွက် အရေးကြီးတယ်။ စစ်ရေးထွက်ပေါက်အတွက် နိုင်ငံရေးအရ ညှိနှိုင်းမှုတွေလုပ်ရတယ်။ ဒါနိုင်ငံရေးရဲ့ သဘောတရားပဲ၊ အလွန်နူးညံ့တယ်၊ အဲဒီမှာ ခင်ဗျားတို့ ကျွန်တော်တို့ ပြောနေကြတဲ့ မေတ္တာတရားတို့၊ ကိုယ်ခံတပ်တို့ပေါ့ဗျာ။ ကျွန်တော်တို့ သဘောတရားဘယ်လောက်ကြီးသလဲ၊ ဘယ်လောက်ထိ သင်ပုန်းချေနိုင်မှာလဲ၊ ပွင့်ပွင့်လင်းလင်း ပြောရရင် ကျွန်တော်တို့တွေ အကုန်လုံးက နောင်တတို့၊ ရှေ့ကိုသွားမယ့်လမ်းကြောင်းတို့ အကုန်လုံးက နိုင်ငံရေးအားဖြင့် လူထုကိုချပြနိုင်တဲ့ လမ်းကြောင်းရှိတော့ အလွန်တရာသိမ်မွေ့တယ်၊ စစ်ရေးထက်ပိုပြီးတော့ နိုင်ငံရေးက ရှေ့ကိုရောက်ဖို့လိုမှာပေါ့။

နိုင်ငံရေးပါတီတွေကနေ ငြိမ်းချမ်းရေးနှင့်ပတ်သက်ပြီး ဆွေးနွေးတဲ့အဖွဲ့တွေရှိပါတယ်။ ရှိအောင်လည်း ဖန်တီးပေးရမှာပေါ့။ ကျွန်တော်တို့က တစ်ဆို့မှုတစ်ခုရှိရင် ဒီတစ်ဆို့မှုကို ဖြေလျှော့ဖို့လိုတာပေါ့၊ နှစ်ဖက်ယုံကြည်မှုမရှိရင် ဆွေးနွေးမှုမရှိဘူး။ ယုံကြည်မှုကို တည်ဆောက်ဖို့ လိုအပ်တယ်။ ယုံကြည်မှုတည်ဆောက်ဖို့အတွက် ညှိနှိုင်းမှုလုပ်တဲ့ Mediator ကဏ္ဍအရေးကြီး လာတာပေါ့။ ဒီဘက်ကလည်း ယုံကြည်ရမယ်၊ ဟိုဘက်ကလည်း ယုံကြည်ရမယ်။ အဲဒီတော့ ဘာတစ်ဆို့နေသလဲ၊ ဒီတစ်ဆို့နေတဲ့ အဖြေကဘာလဲ၊ တွေ့ဆုံဆွေးနွေးညှိနှိုင်းနိုင်တဲ့၊ အများယုံကြည်တဲ့ အင်အားစုတစ်ခုက တစ်ဆို့နေတဲ့အရာကို ဖွင့်ပေးဖို့အတွက် သံတမန်နည်းအရသွားဖို့၊ ညှိနှိုင်းဖို့၊ အလွန်တရာလိုအပ်တယ်။ အဲဒီနေရာမျိုးမှာ လူထုဘက်က နှစ်ဘက်လုံးက ဘယ်လိုတွေသုံးသင့်သလဲ၊ တစ်ဖွဲ့ရဲ့လှုပ်ရှားမှုဟာ ကာလတိုတိုလေးမှာ မြန်မြန်သွက်သွက်ဖြစ်ဖို့အတွက် လိုအပ်တယ်။ နိုင်ငံရေးပါတီများဘက်ကလည်း ပါသင့်ပါထိုက်တဲ့ ပုဂ္ဂိုလ်တွေ မြန်မာ့လူ့ဘောင်ထဲက ငြိမ်းချမ်းရေးနဲ့ပတ်သက်တဲ့၊ ထင်ရှားတဲ့ပုဂ္ဂိုလ်တွေ၊ လက်နက်ကိုင်အဖွဲ့အစည်းတွေထဲက ထင်ရှားတဲ့ပုဂ္ဂိုလ်တွေစသဖြင့်ပေါ့။ လက်ရှိတစ်ဆို့နေတဲ့ ငြိမ်းချမ်းမှုကို မြန်မြန်သွက်သွက်နဲ့ အကောင်အထည်ဖော်နိုင်အောင် ဘယ်လိုလှုပ်ရှားကြမှာလဲ။ ဥပမာ-ညီလာခံ တစ်ခုသွားမယ်ဆိုပါစို့၊ အခုတွေ့ဆုံမှု(၈)ကြိမ်မြောက်ဆိုတာ ဒီနေ့တင်ပြီးသွားတာမဟုတ်ဘဲ ဒီကနေဘယ်သွားမှာလဲ၊ ညီလာခံမှာ ပိုအောင်မြင်နိုင်အောင် တပ်ဘက်ရော၊ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့ခေါင်းဆောင်တွေရော ကြားထဲမှာ ပိုပြီးနီးစပ်မှုရှိအောင်ညှိနှိုင်းပြီး ပေါင်းကူးပေးနိုင်တဲ့ အင်အားကြီး၊ အများယုံကြည်တဲ့အဖွဲ့တစ်ခုရဲ့ သံခင်း၊ တမန်ခင်း လိုအပ်မှုတွေကတော့ ရှိနေတယ်ထင်တာပဲ။ အားလုံးခေါင်းဆောင်တွေလည်း ပါစေချင်တယ်။

ဦးကိုကို (NCA လက်မှတ်ရေးထိုးခဲ့သည့် ပြည်တွင်းအသိသက်သေ)

လွန်ခဲ့တဲ့ (၈) နှစ်က တကယ်ကြုံခဲ့ရတဲ့ ပြည်တွင်းစစ်တစ်ခုချုပ်ငြိမ်းဖို့အတွက် အင်မတန် အခြေခံကျတဲ့ NCA တစ်ခု လက်မှတ်ရေးထိုးနိုင်ခဲ့တယ်။ NCA လက်မှတ်ရေးထိုးနိုင်ခဲ့တာက လွယ်လွယ်နဲ့ရခဲ့တာမဟုတ်ပါဘူး။ အခက်အခဲပေါင်းများစွာ၊ ညှိနှိုင်းဆောင်ရွက်မှုများစွာ၊ ပေးဆပ်မှုများစွာ၊ နားလည်မှုတည်ဆောက်မှုများစွာနဲ့ ရယူခဲ့တာပါ။ တိုင်းရင်းသားပြည်သူအားလုံးလိုချင်တဲ့ ဒီမိုကရေစီနိုင်ငံတော် အသစ်တွက်လည်း ငြိမ်းချမ်းရေးက အရေးကြီးပါတယ်။ ငြိမ်းချမ်းရေးရှိမှလည်း ထိုက်တန်တဲ့ဒီမိုကရေစီရမယ်ဆိုတော့ ဒီမိုကရေစီနိုင်ငံတော်သွားဖို့လည်း ငြိမ်းချမ်းရေးက အရေးကြီးပါတယ်။ NCA က ငြိမ်းချမ်းရေးအတွက် ငြိမ်းချမ်းရေးကို အာမခံပေးတဲ့စာချုပ်ပဲ ဖြစ်ပါတယ်။ လွန်ခဲ့တဲ့(၈)နှစ်က လက်မှတ်ထိုးခဲ့တဲ့စာချုပ်ဟာ အခုဆိုရင် သက်တမ်းအားဖြင့်(၈)နှစ်ရှိပါပြီ။ သို့သော် ဆရာတို့လျှောက်ခဲ့တဲ့လမ်းခရီးက ပြီးမလားဆိုတော့ မပြီးသေးဘူး။ ဆက်လက်ပြီး သွားရမှာတွေရှိတယ်။ ဘယ်လိုခံစားရလည်းဆိုတော့ ငြိမ်းချမ်းရေးလိုချင်တဲ့၊ ငြိမ်းချမ်းရေးကို ချစ်မြတ်နိုးတဲ့၊ တိုင်းပြည်သာယာဝပြောတဲ့ ပြည်သူတစ်ဦးအနေနဲ့တိုင်းပြည်မှာ ပြည်သူတွေ လိုလားတောင့်တတဲ့ ဒီမိုကရေစီစနစ် ပီပီပြင်ပြင်၊ အေးအေးချမ်းချမ်း၊ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ပေါ်လာတာကိုမြင်ချင်တဲ့ ပြည်သူတစ်ဦးအနေနဲ့ ဒီပွဲကိုလာတာပါ။ လွန်ခဲ့တဲ့ (၈) နှစ်က ပုဂ္ဂိုလ်တွေနဲ့မမျှော်လင့်ဘဲနဲ့ စုံစုံညီညီပြန်တွေ့ရတယ်။ စုံစုံညီညီပြန်တွေ့ရတော့ ဝမ်းလည်းသာတယ်၊ ဒီလူတွေက ဒီအချိန်ဒီကာလအထိ ငြိမ်းချမ်းရေးအတွက်ဆိုရင် အမြဲတမ်းအဆင့်သင့် ရှိနေကြတုန်းပဲ၊ ဘယ်လိုပဲဖြစ်ဖြစ် တိုင်းပြည်ငြိမ်းချမ်းရေးအပေါ်မှာ စေတနာကောင်းကောင်းနဲ့ ရှိနေကြတုန်းပဲဆိုတာသိရမြင်ရလို့ ဝမ်းသာပါတယ်။ အဖွဲ့အစည်းအသီးသီးကလူတွေအားလုံးကို ပြောတာပါ၊ တိုင်းရင်းသားခေါင်းဆောင်တွေ လည်းပါတယ်၊ တတ်သိပညာရှင်တွေလည်းပါတယ်၊ နောက်ငြိမ်းချမ်းရေးထဲမှာ ထဲထဲဝင်ဝင်ပါဝင်ခဲ့တဲ့၊ စေ့စပ်ညှိနှိုင်းပေးခဲ့တဲ့ အကျိုးတော်ဆောင်တွေလည်း အများကြီးပါတယ်။ ဒီလူတွေကို စုံစုံညီညီ ပြန်တွေ့ရတဲ့အပေါ်မှာ ဆရာ့အနေနဲ့ အင်မတန်ဝမ်းသာသလိုဆရာတို့ ရှေ့ဆက်ပြီးလျှောက်လှမ်းမယ့် NCA (၈) နှစ်မြောက်နေ့မှသည် ဆက်သွားမယ့်ငြိမ်းချမ်းရေးခရီးစဉ် လမ်းကြောင်းအတွက်လည်း အားအင်တွေရတယ်။ အပြုသဘောဆောင်တဲ့ ထင်မြင်ချက်တွေ၊ အပြုသဘောဆောင်တဲ့ ခံစားချက်တွေ ဖြစ်ပေါ်လာပါတယ်။

ဆွေးနွေးပွဲကလည်း အရေးကြီးပါတယ်။ အဖွဲ့အစည်းအသီးသီး၊ သက်ဆိုင်တဲ့နယ်ပယ် အသီးသီးမတူညီတဲ့ အဖွဲ့တွေကြားထဲမှာ ငြိမ်းချမ်းရေးအပေါ်မှာ၊ ရှေ့ဆက်သွားမယ့် ခရီးလမ်းအပေါ်မှာ အကောင်းဆုံးဘယ်လိုလျှောက်လှမ်း မယ်ဆိုတာကို သူ့အမြင်၊ ကိုယ့်အမြင်တွေ ဖလှယ်ကြမှာပဲ၊ ဖလှယ်ကြတဲ့အခါမှာလည်း အားလုံးတူညီတဲ့စိတ်ဆန္ဒကတော့ မြန်မာနိုင်ငံကြီး အေးချမ်းစေချင်တယ်၊ ငြိမ်းချမ်းစေချင်တယ်၊ လက်နက်ကိုင်ပဋိပက္ခတွေ ချုပ်ငြိမ်းစေချင်တယ်၊ တိုင်းရင်းသားပြည်သူတွေအားလုံး ညီအစ်ကိုမောင်နှမတွေ စိတ်ဝမ်းကွဲတာတွေ၊ သွေးကွဲတာတွေ အားလုံးကိုလည်းရပ်စေချင်ကြပြီ၊ ညီအစ်ကိုမောင်နှမ စိတ်ဓာတ်နဲ့ခရီးတွေဆက်သွားစေချင်ပြီဖြစ်တဲ့အတွက်ကြောင့် Workshop ဆွေးနွေးပွဲတွေကနေတစ်ဆင့် နောက်သွားမယ့်ခရီးအတွက်၊ နောက်သွားမယ့် လမ်းကြောင်းအတွက် ဘယ်လိုလုပ်သင့်လဲ၊ ဘယ်လိုဆောင်ရွက်သင့်လဲ၊ ဘယ်သူကဖြင့် ဘယ်လိုဆန္ဒတွေရှိတယ်၊ တစ်ဦးဆန္ဒတစ်ဦးသိမှ၊ တစ်ဦးလိုလားချက် တစ်ဦးကသိမှသာ လိုလားချက်တွေကို အပြန်အလှန်ဖြည့်ဆည်းပေးရင်းနဲ့ ဆရာတို့သွားချင်တဲ့ ပန်းတိုင်ရောက်မှာဖြစ်ပါတယ်။ သွားရမယ့်လမ်းခရီးအတွက် လိုအပ်တဲ့အချက်အလက်တွေကိုတော့ ရှာဖွေပေးနိုင်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။

ဦးရွှေမန်း၊ ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ (ဟောင်း)

လူတိုင်းငြိမ်းချမ်းရေးလိုလားတယ်။ ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်သမျှကို အားလုံးအားပေးရမယ်၊ ကူညီရမယ်၊ NCA ဆိုတာလည်း ငြိမ်းချမ်းရေးရဖို့အတွက် ရှေ့ပြေးကိစ္စတစ်ခု ဖြစ်ပါတယ်။ ကျေးဇူးတင်ပါတယ်။

ဦးမြင့်လွင် (ဥက္ကဋ္ဌ၊ တာမိုးညဲဒေသ(မုန်းဝန်း)၊ ဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့)

NCA ဟာ အင်မတန်မွန်မြတ်တယ်။ အရေးလည်းကြီးတယ်။ တစ်ပြည်လုံးရဲ့ အတိုင်းအတာနဲ့ဆို တိုင်းသူပြည်သားတွေက ငြိမ်းချမ်းရေးရှိဖို့ မျှော်လင့်တာပါ။ ငြိမ်းချမ်းရေးရမှ ပြည်သူလူထုလိုချင်တဲ့ နိုင်ငံတော်တည်ငြိမ်မှု၊ အေးချမ်းသာယာမှုရရှိမှာပါ။ NCA လက်မှတ်ရေးထိုးဖို့ကျန်ရှိနေတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေ လက်မှတ်ပါဝင်ရေးထိုးနိုင်ဖို့က ကျင်းပရေးကော်မတီနဲ့ သက်ဆိုင်တဲ့အဖွဲ့အစည်းများညှိနှိုင်းဖို့ မျှော်လင့်ပါတယ်။ ညှိနှိုင်းဖို့လည်း တိုက်တွန်းပါတယ်။ ညှိနှိုင်းဆွေးနွေးပြီး ပါဝင်လာမှသာလျှင် တစ်ပြည်လုံးရဲ့ အပစ်အခတ်ရပ်စဲမှု အောင်မြင်ပါမယ်။ အားလုံးပါဝင်ဖို့ မျှော်လင့်ပါတယ်။

ဒေါက်တာအောင်မျိုး

နိုင်ငံရေးကို လက်နက်ကိုင်ဖြေရှင်းတာက မှားတယ်လို့ပြောချင်ပါတယ်။ ဘယ်လိုနည်းနဲ့မှ မရနိုင်ပါဘူး။ ကျွန်တော်အနေနဲ့ ဒီအတွေ့အကြုံတွေ များပြီပေါ့နော်။ ၁၉၇၄-၇၅ KNU မြစ်ဝကျွန်းပေါ် ဓားမင်းချေမှုန်းရေးမှာ အဖေကအသက်ကြီးနေတဲ့အတွက် ၉ တန်းကျောင်းသားဘဝနဲ့ ကျွန်တော်ကိုယ်တိုင် ဝါးချွန်ကိုင်လိုက်ခဲ့ရပါတယ်။ အဲဒီကစပြီးတော့ ကျွန်တော်အတွေ့အကြုံ ရှိလာပါတယ်။

NCA ကအခုဆိုရင် ၈ နှစ်မြောက်ဖြစ်သွားပြီ။ ဘာပဲပြောပြော အတိုင်းအတာတစ်ခုထိတော့ အောင်မြင်ခဲ့တယ်။ Develop ဖြစ်တဲ့နေရာမှာ ကရင်ပြည်နယ်ကတော့ ပြောစရာမလိုပါဘူး။ သို့သော်လည်းပဲအခုနိုင်ငံရေး အလှည့်အပြောင်းမှာတော့ အခက်အခဲတစ်ခု သွားကြုံရတာပေါ့။ သို့သော်လည်းပဲ NCA ၈ နှစ်မြောက်အခမ်းအနားမှာ ကရင်တိုင်းရင်းသားခေါင်းဆောင် စောမူတူးစေးဖိုး တက်လာတာဟာ တစ်အားပဲပေါ့နော်။ KNU မှာ တကယ့်ကို ငြိမ်းချမ်းရေးကို လိုချင်တဲ့သူအခိုင်အမာရှိနေတယ်ဆိုတာ သိသာနေပါတယ်။

ဦးခင်မောင်ဇော်

NCA ဆိုတာကတော့ တစ်နိုင်ငံလုံးဆိုင်ရာ ငြိမ်းချမ်းရေးပါ။ ငြိမ်းချမ်းရေးနဲ့ အမျိုးသားရေး သွေးစည်းညီညွတ်ရေးက အင်မတန်မှအရေးကြီးပါတယ်။ နိုင်ငံတော်က အေးချမ်းမှ ညီညွတ်မှကျွန်တော်တို့က အောင်မြင်မယ်။ တည်ငြိမ်မယ်။ တိုးတက်မယ်။ လွန်ခဲ့တဲ့ ၈ နှစ်ကစပြီးတော့ နိုင်ငံတော်အကြီးအကဲတွေက အမြော်အမြင်ကြီးကြီးနဲ့ အားလုံးပါဝင်နိုင်အောင် ကြိုးစားခဲ့တာပါ။ တစ်ဆင့်နဲ့တစ်ဆင့် တစ်ဖြည်းဖြည်းပိုပြီးတော့တိုးတက်ပြီး၊ အသက်ဝင်လာပြီးတော့မှ ၈ နှစ်မြောက်တဲ့အချိန်မှာ ဟိုးစတဲ့လူတွေကအစ အားလုံးပြန်လည်ပါဝင် ပေါင်းစည်းပြီးတော့ တွေ့ဆုံကြတယ်။ ဆွေးနွေးကြတယ်။ ဒါဟာအင်မတန် ဝမ်းသာစရာကောင်းတဲ့ အစီအစဉ်အခမ်းအနားတစ်ခုဖြစ်ပါတယ်။

NCA စာချုပ်အရ ဆက်လက်ဆောင်ရွက်မယ့် အခြေအနေနဲ့ပတ်သက်ပြီးတော့က နည်းနည်းအနှောင့်အယှက်လေးတွေရှိလို့ ဇဝေဇဝါဖြစ်သွားတဲ့အပိုင်းတွေလည်းရှိတယ်။ လက်ရှိ အစိုးရတာဝန်ယူမှုအပေါ်မှာ ပိုပြီးယုံကြည်သက်ဝင် အားကိုးပြီးတော့မှထပ်တိုးမြှင့်ပြီး ဆောင်ရွက်မယ့်အဖွဲ့အစည်းတွေလည်းရှိတယ်။ နိုင်ငံတော်အပေါ်မှာ သဘောထားမှန်နဲ့ စေတနာအမြဲတမ်းမှန်ကန်တဲ့ တပ်မတော်အနေနဲ့က NCA ရဲ့ ဆောင်ရွက်ချက်တွေကို ဒီနှစ်ကနေစပြီး နောက်နှစ်နောက်နှစ်တွေထိပိုပြီးတော့ တိုးတက်ပြီး အောင်မြင်သွားမယ်။ ညီညွတ်ရေးဆောင်ရွက်သွားမယ်လို့ ကျွန်တော်မျှော်လင့်ပါတယ်။

တိုင်းရင်းသားတွေအကုန်လုံး လိုအပ်ချက်အရ၊ လုံခြုံရေးအရ၊ ရပ်တည်ချက်အရ လက်နက်ကိုင်ဆောင်ထားကြရသော်လည်း အားလုံးတူညီတဲ့ရည်မှန်းချက်တစ်ခုပဲရှိတယ်။ ဒါသည် နိုင်ငံတော်အေးချမ်းလုံခြုံရေးနဲ့ ဖွံ့ဖြိုးရေးဖြစ်တယ်။ မြန်မာနိုင်ငံတစ်နိုင်ငံလုံး စည်ပင်သာယာဝပြောပြီးတော့ အေးချမ်းသာယာရေးဖြစ်တဲ့အတွက် NCA ဆိုတဲ့ အမိုးအောက်မှာ အားလုံး ပေါင်းစည်းခြင်းကသာ တစ်ခုတည်းအဖြေဖြစ်ပါတယ်လို့ ပြောချင်ပါတယ်။