နတ်တလင်း သြဂုတ် ၂၄
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တွင် တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်း သည် နတ်တလင်းမြို့နယ် အနောက်ဘက် ပွဲသာကျေးရွာအုပ်စုနှင့် ချင်းကုန်းကံကျေးရွာအုပ်စုတို့၏ စားကျက်မြေကိစ္စ ဖြေရှင်းပေးခြင်းကို မြို့နယ်အထွေထွေ အုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့ နံနက် ၈ နာရီခွဲက ပြုလုပ်ဆောင်ရွက်ခဲ့သည်။
အခမ်းအနားတွင် ဝန်ကြီးချုပ်က စားကျက်မြေဆိုသည်မှာ တိရိစ္ဆာန်များ၏ အစားအစာအတွက်နှင့် ဝင်ရောက်ထိန်းကျောင်းရန် သတ်မှတ် ပေးထားခြင်းဖြစ်ပါ၍ နှစ်ဦးနှစ်ဖက် အေးချမ်းစွာ ဆောင်ရွက်ကြပါရန် ပြောကြားသည်။ ထို့နောက် နတ်တလင်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင် အတွင်းရေးမှူးမှ ကော်မရှင်ကိစ္စများ ကျန်းမာရေးဦးစီးဌာနမှ ကိုဗစ်-၁၉ ဒုတိယလှိုင်းအတွက် ကြိုတင်ပြင်ဆင် ဆောင်ရွက် မှုများ၊ မြို့နယ်လျှပ်စစ်ဦးစီးဌာနမှ ကျေးရွာမီးလင်းရေးဆောင်ရွက်မှုများကို အသီးသီးတင်ပြကြသည်။
ဆက်လက်၍ ပွဲသာကျေးရွာမှ စားကျက်မြေ အတွင်း စိုက်ပျိုးရေဝင်ရောက် လုပ်ကိုင်သူများ၏ တင်ပြချက်များ ချင်းကုန်းကံကျေးရွာမှ စားကျက်အတွင်း တိရစ္ဆာန်များ ဝင်ရောက် ထိန်းကျောင်းသူများ၏ တင်ပြချက်များကို သက်ဆိုင်ရာဌာနများနှင့် တိုင်ပင်ဆွေးနွေး၍ ပြေလည် အောင် ဖြေရှင်းပေးသည်။ ထို့နောက် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနသို့ အားကစားပစ္စည်းများကို ပေးအပ်လှူဒါန်းခဲ့ ကြောင်း သိရသည်။
ဝင်းမြင့် (နတ်တလင်း)