နေပြည်တော် အောက်တိုဘာ ၁၆
တပ်မတော်တွင် စတုတ္ထအကြိမ်အသည်းအစားထိုးခွဲစိတ်ကုသမှု တတိယနေ့ကို ယနေ့တွင် မင်္ဂလာဒုံမြို့နယ်ရှိ တပ်မတော်ဆေးရုံကြီး (ခုတင်- ၁၀၀၀)၊ အထူးကုစင်တာ၌ ဆက်လက်ပြုလုပ်ခဲ့သည်။
အဆိုပါ အသည်းအစားထိုးခွဲစိတ်ကုသမှုတွင် လူနာဦးသန်းအောင်နှင့်တူဖြစ်သူ အသည်းအလှူရှင် ကိုရဲဇော်တို့ကို ခွဲစိတ်ကုသခဲ့ခြင်း ဖြစ်သည်။
အသည်းအစားထိုးခွဲစိတ်ကုသမှု ဆောင်ရွက်ရာတွင် အသည်းအလှူရှင် လူနာထံမှ အသည်းထုတ်ယူခြင်းကို နံနက် ၈ နာရီ ၅၀ မိနစ်အချိန်တွင် စတင်ခဲ့ပြီး ထုတ်ယူရရှိသောအသည်းကို ညနေ ၃ နာရီ ၃၀ မိနစ်အချိန်ခန့်တွင် အသည်းလက်ခံလူနာထံသို့ အစားထိုးခွဲစိတ်ကုသခြင်း ဆောင်ရွက်ခဲ့ကာ စုစုပေါင်းခွဲစိတ်ချိန် (၁၁) နာရီခန့် ကြာမြင့်ခဲ့သည်။ အသည်းအလှူရှင်လူနာနှင့် အသည်းလက်ခံလူနာများ၏ ခွဲစိတ်ပြီးနောက်ပိုင်း ကျန်းမာရေးအခြေအနေမှာ ကောင်းမွန်လျက်ရှိပြီး အထူးကြပ်မတ်ကုသခန်း၌ လိုအပ်သော ပြုစုကုသမှုများကို သက်ဆိုင်ရာပါရဂူများ၊ ဆေးမှူးများနှင့် သူနာပြု/ကျွမ်းကျင်သူများက ဆက်လက်ဆောင်ရွက်ပေးလျက်ရှိသည်။ အသည်းအစားထိုးခွဲစိတ်ကုသမှုကို တပ်မတော်ဆေးရုံကြီးများမှ တာဝန်ရှိသူများက ကြည့်ရှုအားပေးခဲ့ကြသည်။
ယခင်ရက်များတွင် ခွဲစိတ်ကုသမှုဆောင်ရွက်ခဲ့သော အသည်းအလှူရှင် ၂ ဦးနှင့် အသည်းလက်ခံလူနာ ၂ ဦးတို့၏ ကျန်းမာရေးအခြေအနေမှာလည်း ကောင်းမွန်လျက်ရှိကြောင်း သတင်းရရှိသည်။