နေပြည်တော် အောက်တိုဘာ ၁၆
နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်အား တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ်(NCA) (၈)နှစ်မြောက်နှစ်ပတ်လည်နေ့အခမ်းအနားသို့ တက်ရောက်ခဲ့သော သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးယွက်စစ် ဦးဆောင်သည့်အဖွဲ့က ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ ဘုရင့်နောင်ရိပ်သာ၊ ဧည့်ခန်းမဆောင်၌ လာရောက်ဂါရဝပြုတွေ့ဆုံသည်။
အဆိုပါ တွေ့ဆုံဆွေးနွေးပွဲသို့ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နှင့်အတူ ကာကွယ်ရေးဦးစီးချုပ်ရုံးမှ ဒုတိယဗိုလ်ချုပ်ကြီး ရဲဝင်းဦး၊ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဥက္ကဋ္ဌ ဒုတိယဗိုလ်ချုပ်ကြီးရာပြည့်နှင့် တပ်မတော်အရာရှိကြီးများ တက်ရောက်ကြပြီး သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ(RCSS)ဥက္ကဋ္ဌနှင့် တာဝန်ရှိသူတို့ တက်ရောက်ကြသည်။
ထိုသို့တွေ့ဆုံရာတွင် ဒေသတွင်းနှင့် နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် ဆောင်ရွက်ရာ၌ တွေ့ဆုံဆွေးနွေးမှုများဖြင့် ဆောင်ရွက်သွားရန်လိုအပ်မှု၊ နိုင်ငံတော်နှင့် တပ်မတော်အနေဖြင့် NCA လမ်းကြောင်းပေါ်၌ ခိုင်မာစွာလျှောက်လှမ်းလျက်ရှိမှုနှင့် ပါတီစုံဒီမိုကရေစီစနစ်ခိုင်မာစေရေး ဆောင်ရွက်လျက်ရှိမှု၊ ယခုနှစ်တွင် စမ်းသပ်သန်းခေါင်စာရင်းကောက်ယူနေမှုနှင့် လာမည့်နှစ်တွင် ပြည်လုံးကျွတ်သန်းခေါင်စာရင်း ကောက်ယူပြီးရွေးကောက်ပွဲပြုလုပ်ရန် ပြင်ဆင်ဆောင်ရွက်နေမှု၊ နိုင်ငံတည်ငြိမ်အေးချမ်းရေးအတွက် NCA လမ်းကြောင်းအတိုင်း ဆက်လက်ဆောင်ရွက်သွားရန် လိုအပ်သည့်အခြေအနေများနှင့်ပတ်သက်၍ ရင်းရင်းနှီးနှီးဆွေးနွေးခဲ့ကြောင်း သတင်းရရှိသည်။