ဆေးဝါးအင်ဂျင်နီယာပညာရပ် အရာရှိအဆင့်သင်တန်း အမှတ်စဉ်(၁) (Pharmaceutical Engineering Training Course Level-1) ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့နယ်ရှိ မြန်မာ့ဆေးဝါးစက်ရုံ(အင်းစိန်) ဆေးဝါးသမိုင်းပြခန်း၌ ကျင်းပရာ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းနှင့် တာဝန်ရှိသူများ Virtual စနစ်ဖြင့် တက်ရောက်ကြသည်။
အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီးက ဆေးဝါးလုပ်ငန်း စဉ်ဆက်မပြတ်တည်မြဲရန်အတွက် စက်မှုဝန်ကြီးဌာနသို့ ဝင်ရောက်တာဝန်ထမ်းဆောင်သည့် အရာထမ်းများကို ဆေးဝါးထုတ်လုပ်မှုနှင့် ပတ်သက်သော ဥပဒေ၊ လုပ်ထုံးလုပ်နည်းများကို သိရှိစေရန်၊ ဆေးဝါးအင်ဂျင်နီယာဘာသာရပ်အား အခြေခံအုတ်မြစ်အဖြစ် မျိုးစေ့ချဆောင်ရွက်ခြင်းဖြစ်ပြီး ဆေးဝါးထုတ်လုပ်မှုဆိုင်ရာ အင်ဂျင်နီယာများ ပေါ်ထွန်းလာစေရန်ရည်ရွယ်ပြီး ဆေးဝါးအင်ဂျင်နီယာ ဘာသာရပ်သင်တန်းကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ ဆေးဝါးအင်ဂျင်နီယာဆိုသည်မှာ “ဆေးဝါးထုတ်လုပ်ရေးဆိုင်ရာ အဆောက်အဦ၊ စက်ပစ္စည်းများအား ဒီဇိုင်းရေးဆွဲခြင်း၊ တည်ဆောက်ခြင်းနှင့် တိုးတက်အောင်ပြုလုပ်ခြင်းတို့ပင်ဖြစ်ပြီး ဈေးကွက်ရရှိနိုင်ရန် ဆေးဝါးများထုတ်လုပ်ရန် ဒီဇိုင်းရေးဆွဲခြင်း၊ လည်ပတ်ခြင်းနှင့် ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်း” တို့ပါဝင်ကြောင်း၊ ယခုသင်တန်းသို့ သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာနမှ ပါမောက္ခများနှင့် မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ အသိအမှတ်ပြု အင်ဂျင်နီယာပညာရှင်များတို့မှ ပြည်သူများ၏ အသက်အိုးအိမ်ကို စောင့်ရှောက်သည့် ဆေးဝါးထုတ်လုပ်ခြင်းဆိုင်ရာနှင့် ပတ်သက်သောသင်တန်းကို ပူးပေါင်းပါဝင်ဆောင်ရွက်ပေး၍ များစွာကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။
အဆိုပါသင်တန်းသို့ စက်မှုဝန်ကြီးဌာနမှ အရာထမ်း(၂၁)ဦး၊ ကာကွယ်ရေးဝန်ကြီးဌာနမှ အရာရှိ(၁၁)ဦး စုစုပေါင်းသင်တန်းသား သင်တန်းသူ(၃၂)ဦး တက်ရောက်ကြပြီး သင်တန်းကာလမှာ အောက်တိုဘာ ၁၆ ရက်မှ နိုဝင်ဘာ ၂၄ ရက်အထိ (၁)လကြာ လေ့ကျင့်သင်ကြား ပေးသွားမည်ဖြစ်သည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးသည် မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းရှိ လျှပ်စစ်စစ်ဆေးရေးသင်တန်းခန်းမ၌ ကျင်းပသည့် လျှပ်စစ်စစ်ဆေးခြင်း နည်းပညာဆိုင်ရာ မြှင့်တင်မှုသင်တန်း အမှတ်စဉ်(၁/၂၀၂၃) သင်တန်းဖွင့်ပွဲအခမ်းအနားသို့ Virtual စနစ်ဖြင့် တက်ရောက်၍ အဖွင့်အမှာစကားပြောကြားသည်။
အဆိုပါ သင်တန်းဖွင့်ပွဲအခမ်းအနားသို့ မြန်မာနိုင်ငံအင်ဂျင်နီယာကောင်စီ၊ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်မှ ဒုတိယဥက္ကဋ္ဌများ၊ လျှပ်စစ်စွမ်းအား အတတ်ပညာရှင်အဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြန်မာနိုင်ငံကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်နှင့် စက်မှုဝန်ကြီးဌာနမှ တာဝန်ရှိသူများတက်ရောက်သည်။
သင်တန်းသို့ စက်မှုဝန်ကြီးဌာန၊ လျှပ်စစ်စစ်ဆေးရေးဌာနမှ ဝန်ထမ်း(၂၆)ဦးတက်ရောက်ပြီး သင်တန်း၌ Building Electrical Services and Lighting Design ၊ Understanding the rules of detailed Electrical Inspection ၊ Become Professional Electrical Inspector in Low Voltage Power Systems ၊ Understanding the rules of Electrical Inspection for Solar Systems နှင့် Advance Electrical Inspection Training Course ဘာသာရပ်များကို သင်ကြားပို့ချမည်ဖြစ်ပြီး သင်တန်းကာလမှာ အောက်တိုဘာ ၁၆ ရက်မှ ၂၇ ရက်အထိ ရက်သတ္တ(၂)ပတ်ကြာ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။
သတင်းစဉ်