Skip to main content

ပြည်တွင်းငြိမ်းချမ်းရေးက နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဓိကအခြေခံအုတ်မြစ်ဖြစ်ပါတယ်။ NCA (၈) နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနားကနေ အရှိန်အဟုန်နဲ့ဆက်ပြီးသွားမယ်လို့ ယုံကြည်ပါတယ်

ပြည်တွင်းငြိမ်းချမ်းရေးက နိုင်ငံဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဓိကအခြေခံအုတ်မြစ်ဖြစ်ပါတယ်။NCA (၈) နှစ်ပြည့်အထိမ်းအမှတ်အခမ်းအနားကနေ အရှိန်အဟုန်နဲ့ဆက်ပြီးသွားမယ်လို့ ယုံကြည်ပါတယ်

ဦးခက်ထိန်နန် (ကချင်ပြည်နယ်ဝန်ကြီးချုပ်)

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၈) နှစ်မြောက် နှစ်ပတ်လည်နေ့အခမ်းအနားကို နေပြည်တော်ရှိ မြန်မာအပြည်ပြည်ဆိုင်ရာကွန်ဗင်းရှင်းဗဟိုဌာန(MICC – II)၌ ကျင်းပခဲ့ရာ NCA၏ အနှစ်သာရနှင့် အကောင်အထည်ဖော်ဆောင်ရွက်မှုများ၊ ငြိမ်းချမ်းရေးတွေ့ဆုံဆွေးနွေးမှုများနှင့် စပ်လျဉ်း၍ တွေ့ဆုံမေးမြန်းမှုများကို ဖော်ပြလိုက်ရပါသည်။

ဗိုလ်မှူးကြီး ဝဏ္ဏအောင် အဖွဲ့ဝင်

အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီ

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) က အစိုးရနဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေအကြား သဘောတူချုပ်ဆိုထားတဲ့ စာချုပ်တစ်ရပ်ဖြစ်ပြီး စာချုပ်လက်မှတ်ရေးထိုးရာမှာ ပြည်တွင်းသက်သေတွေနဲ့ နိုင်ငံတကာသက်သေတွေဖြစ်တဲ့ ကုလသမဂ္ဂ၊ ဥရောပသမဂ္ဂ၊ အိန္ဒိယ၊ ထိုင်း၊ ဂျပန်နိုင်ငံတို့က သံတမန်တွေပါ ပါဝင်လက်မှတ်ရေးထိုးခဲ့တဲ့ ခိုင်မာတဲ့စာချုပ်ဖြစ်ပါတယ်။

NCAရဲ့ အခြေခံမူတွေမှာ ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးတည်ဆောက်နိုင်ရေးအတွက် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကို ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံး ညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးတို့ကိုရှေးရှုပြီး ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနဲ့ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အခွင့်အရေးတွေ အာမခံချက်တွေ အပြည့်အဝရှိတဲ့ ဒီမို ကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုကို နိုင်ငံရေးဆွေးနွေးပွဲရလဒ်တွေနဲ့အညီ တည်ဆောက်သွားရန်၊ နိုင်ငံရေးပြဿနာကို စစ်ရေးနဲ့ ဖြေရှင်းခြင်းမပြုဘဲ နိုင်ငံရေးနည်းနဲ့ ဖြေရှင်း မယ့် နိုင်ငံရေးယဉ်ကျေးမှုသစ်တစ်ရပ် ထူထောင်ပြီး လက်နက်ကိုင်ပဋိပက္ခ အဆုံးသတ်နိုင်ရန် တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးကို ဦးစွာဆောင်ရွက်ရန်ဆိုပြီး ပါရှိတဲ့အတွက် ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီနဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲ စောင့်ကြည့်ကော်မတီတို့ကို ဖွဲ့စည်းပြီး ဆွေးနွေးဆောင်ရွက်ခဲ့ကြပါတယ်။

NCAလက်မှတ်ရေးထိုးပြီးနောက်မှာ NCAမှာပါတဲ့ ပြဋ္ဌာန်းချက်တွေအတိုင်း တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် အကောင်အထည်ဖော်ဆောင်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေး (JICM) ကို ကျင်းပခဲ့ပြီး ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ (UPDJC)နဲ့ ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးဆိုင်ရာပူးတွဲစောင့်ကြည့်ရေးကော်မတီ (JMC) တို့ကို ဖွဲ့စည်းခဲ့ပြီး ကော်မတီအလိုက် လုပ်ငန်းလမ်းညွှန်(ToR)တွေ၊ လုပ်ထုံးလုပ်နည်း(SOP)တွေနဲ့ နိုင်ငံရေးဆွေးနွေးမှုဆိုင်ရာ မူဘောင်တွေကိုလည်း ရေးဆွဲဆောင်ရွက်ခဲ့ကြပါတယ်။

NCAပါ ပြဋ္ဌာန်းချက်တွေကို အကောင်အထည်ဖော်ဆောင်ရွက်ခြင်းအနေနဲ့ ၂၀၂၁ ခုနှစ် ဇန်နဝါရီလကုန်အထိ JICM အစည်းအဝေး စုစုပေါင်း (၉) ကြိမ်နဲ့ UPDJC အစည်းအဝေး စုစုပေါင်း အကြိမ် (၂၀) ၊ JMC-U အစည်းအဝေး စုစုပေါင်း (၁၉) ကြိမ် ဆောင်ရွက်နိုင်ခဲ့ပါတယ်။

ပြည်ထောင်စုငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီမှာ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး၊ လုံခြုံရေး၊ မြေယာနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်တွေကို ဆွေးနွေးခဲ့ကြပြီး ပြည်ထောင်စုငြိမ်းချမ်း ရေးညီလာခံ(၅)ကြိမ် ကျင်းပပြုလုပ်ပြီး ရရှိလာတဲ့သဘောတူညီချက် (၇၂) ချက်ကို ပြည်ထောင်စုလွှတ်တော်သို့ တင်သွင်းအတည်ပြုချက်ရယူခဲ့ပြီးဖြစ်တဲ့အတွက် ဒီသဘောတူညီချက်တွေကို ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။

အခု နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရလက်ထက်မှာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်တွေကို အရှိန်အဟုန်မပြတ် ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေးအတွက် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁၇ ရက်မှာ နိုင်ငံတော်ဝန်ကြီးချုပ် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ဥက္ကဋ္ဌအဖြစ်ပါဝင်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင် မှုဗဟိုကော်မတီ၊ ဒုတိယဝန်ကြီးချုပ် ဒုတိယတပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဒုတိယဗိုလ်ချုပ်မှူးကြီး စိုးဝင်း ဥက္ကဋ္ဌအဖြစ်ပါဝင်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုလုပ်ငန်းကော်မတီ၊ ဒုတိယဗိုလ်ချုပ်ကြီး ရာပြည့် ဥက္ကဋ္ဌအဖြစ်ပါဝင်တဲ့ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီတို့ကို ဖွဲ့စည်းခဲ့ပါတယ်။

ဗဟိုကော်မတီက ချမှတ်ပေးတဲ့ မူဝါဒ၊ လမ်းညွှန်ချက်တွေနဲ့အညီ လုပ်ငန်းကော်မတီက လိုအပ်တဲ့အချိန်ဇယားနဲ့ မဟာဗျူဟာတွေကိုချမှတ်ပြီး ညှိနှိုင်းရေးကော်မတီက လက်တွေ့အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိပါတယ်။ အမျိုးသားစည်းလုံးညီညွတ်ရေးနှင့် ငြိမ်းချမ်းရေးဖော်ဆောင်မှုညှိနှိုင်းရေးကော်မတီဟာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလကနေ ဒီနေ့အချိန်အထိ NCA လက်မှတ်ရေးထိုးပြီးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းတွေနဲ့ (၇၃)ကြိမ်၊ NCA လက်မှတ်ရေးထိုးထားခြင်းမပြုသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း တွေနဲ့ (၂၅)ကြိမ်၊ နိုင်ငံရေးပါတီတွေနဲ့(၁၆)ကြိမ်၊ ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့တွေနဲ့ (၇)ကြိမ် စုစုပေါင်း တွေ့ဆုံဆွေးနွေးမှု (၁၂၁)ကြိမ် တွေ့ဆုံဆွေးနွေးနိုင်ခဲ့ပါတယ်။

ညှိနှိုင်းရေးကော်မတီအနေနဲ့ NCAလက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့အစည်း(၇)ဖွဲ့၊ NCA လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်း(၃)ဖွဲ့၊ နိုင်ငံရေးပါတီတွေနဲ့ ဘာသာရေးခေါင်းဆောင်တွေကို တွေ့ဆုံဆွေးနွေးပြီး ပြည်ထောင်စုငြိမ်းချမ်းရေးနဲ့ ဖွံ့ဖြိုးရေးအတွက် လက်တွဲပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါတယ်။ NCA လက်မှတ်ရေးထိုးထားတဲ့ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့အစည်း(၇)ဖွဲ့နဲ့ (၆)ကြိမ် ဆွေးနွေးနိုင်ခဲ့ပြီး NCA လက်မှတ်မရေးထိုးရသေးတဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်း (၃)ဖွဲ့ ဖြစ်တဲ့ UWSA SSPP MNDAA တို့နဲ့လည်း တွေ့ဆုံဆွေးနွေးမှု(၅)ကြိမ် ဆွေးနွေးခဲ့ပြီးဖြစ်ပါတယ်။ တွေ့ဆုံဆွေးနွေးရာမှာ သဘောတူညီချက်တွေအနေနဲ့ ပါတီစုံဒီမိုကရေစီနိုင်ငံရေးစနစ် ခိုင်မာစေရေးအတွက် ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်ရေး၊ တိုင်းရင်းသားပြည်သူတစ်ရပ်လုံး၏ လိုလားချက် ပန်းတိုင်ဖြစ်တဲ့ ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်တို့ကိုအခြေခံသော ပြည်ထောင်စုတည်ဆောက်ရေး၊ ပြည်ထောင်စုငြိမ်းချမ်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် လက်တွဲပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ရေး၊ တရားဥပဒေစိုးမိုးရေး၊ ဒေသတည်ငြိမ်ရေးနှင့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲများ လွတ်လပ်၍တရား မျှတစွာ ယှဉ်ပြိုင်နိုင်ရေးအတွက် ပူးပေါင်းဆောင်ရွက်ရေးတို့ပဲ ဖြစ်ပါတယ်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေ (၂၀၀၈) ခုနှစ်ပြင်ဆင်နိုင်ရေး ဆွေးနွေးခဲ့ကြရာမှာလည်း သဘောတူညီချက် (၂၁)ချက် ရရှိခဲ့ပြီးဖြစ်ပါတယ်။

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေနဲ့ နိုင်ငံတော်ရဲ့ ပကတိလိုအပ်ချက်ဖြစ်တဲ့ နိုင်ငံရေးရည်မှန်းချက် နှစ်ရပ်ဖြစ်တဲ့ စစ်မှန်၍ စည်းကမ်းပြည့်ဝသော ပါတီစုံဒီမိုကရေစီစနစ် ကျင့်သုံးရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို အခြေခံသည့် ပြည်ထောင်စုတည်ဆောက်ရေး တို့အတွက် ပဓာနကျသော ငြိမ်းချမ်းရေးကို နိုင်ငံသူ၊ နိုင်ငံသားများအားလုံးက ပူးပေါင်း ပါဝင်တည်ဆောက်ကြရန်၊ အမျိုးသားရေးရည်မှန်းချက်နှစ်ရပ်ဖြစ်တဲ့ တိုင်းပြည်သာယာဝပြောရေးနှင့် စားရေရိက္ခာဖူလုံရေး၊ ရှေ့လုပ်ငန်းစဉ်(၅)ရပ်နဲ့ ဦးတည်ချက်(၉)ရပ်တို့ကို ချမှတ်အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ညှိနှိုင်းရေးကော်မတီအနေနဲ့လည်း NCA နဲ့ ၂၀၀၈ ခုနှစ်၊ နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေကို အခြေခံပြီး နိုင်ငံတော်အစိုးရရဲ့ ရှေ့လုပ်ငန်းစဉ်၊ ရည်မှန်းချက်၊ ဦးတည်ချက်တွေနဲ့အညီ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တွေကို စဉ်ဆက်မပြတ်ဆက်လက်အကောင်အထည်ဖော်ဆောင်ရွက်သွားမှာ ဖြစ်ပါ တယ်။

ဦးခက်ထိန်နန်

ကချင်ပြည်နယ်ဝန်ကြီးချုပ်

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) (၈) နှစ်ပြည့်အခမ်းအနား ကျင်းပနိုင်တဲ့အတွက် ဝမ်းသာဂုဏ်ယူပါတယ်။ ငြိမ်းချမ်းရေးကို ကြီးကြီးကျယ်ကျယ် ခမ်းခမ်းနားနားနဲ့ နိုင်ငံတကာကသိအောင် ချိတ်ဆက်ဆောင်ရွက်ပေးတဲ့အတွက် အစိုးရကို လည်းကျေးဇူးတင်ပါတယ်။ အတိုင်းအတာတစ်ခုအထိ ထိရောက်အောင်မြင်မယ်လို့ ယုံကြည်ပါတယ်။ ငြိမ်းချမ်းရေးကို နောက်ထပ်ကြိုးစားဖို့၊ ခြေလှမ်းလှမ်းဖို့ စွမ်းအားတွေရရှိလာမယ်လို့ ယုံကြည်ပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးက နိုင်ငံ ဖွံ့ဖြိုးတိုးတက်ဖို့အတွက် အဓိကအခြေခံအုတ်မြစ်ဖြစ်ပါတယ်။ NCA (၈) နှစ်ပြည့် အထိမ်းအမှတ် အခမ်းအနားကနေအရှိန်အဟုန်နဲ့ ဆက်ပြီးသွားမယ်လို့ ယုံကြည်ပါတယ်။

ဦးအောင်မင်း

NCA လက်မှတ်ရေးထိုးခဲ့သည့် ပြည်တွင်းအသိသက်သေ

NCA နှစ်ပတ်လည်အခမ်းအနား ကျင်းပတာကောင်းပါတယ်။ NCA တစ်ခုတည်းကပဲ ငြိမ်းချမ်းရေးကို ဆောင်ရွက်ပေးနိုင်တဲ့စာချုပ်ဖြစ်ပါတယ်။ အားလုံပါဝင်ပြီး အခမ်းအနားကို တက်တက်ကြွကြွနဲ့ တက်ရောက်လာတာကို မြင်ရတာဝမ်းသာစရာဖြစ်ပါတယ်။ ငြိမ်းချမ်းရေး ရောင်ခြည်သန်းလာတယ်လို့ ပြောလို့ရတဲ့သက်သေဖြစ်ပါတယ်။ လူတိုင်းကတော့ ဒီလမ်းကြောင်းနဲ့သွားနေပါတယ်။ တိုင်းရင်းသားတွေကလည်း ဒီလမ်းကြောင်းကို သွားနေပါတယ်။ဒါပေမယ့်သူတို့ သွားနေတဲ့လမ်းကြောင်းနဲ့ အဖွဲ့အစည်းအသီးသီးက သွားနေတဲ့ လမ်းကြောင်းနဲ့ တစ်ထပ်တည်းကျအောင် လုပ်ရမှာဖြစ်ပါ တယ်။ တစ်ထပ်တည်းကျမှ ငြိမ်းချမ်းရေး ကပိုပြီးအောင်မြင်မှာဖြစ်ပါတယ်။ငြိမ်းချမ်းရေးကို စားပွဲဝိုင်းမှာ ဆွေးနွေးရမှာဖြစ်ပြီး မလာသေးတဲ့သူတွေကို လာအောင်ခေါ်ရမယ်။ လာပြီးတဲ့သူကိုလည်း ပြန်ထွက်မသွားအောင် ဆွေးနွေးဖို့လိုပါတယ်။

ဒေါက်တာအေးမောင်

ဥက္ကဋ္ဌ၊ ရခိုင်ဦးဆောင်ပါတီ

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ်(NCA) (၈) နှစ်မြောက် အခမ်းအနားကို ခမ်းခမ်းနားနား ကျင်းပတာဖြစ်ပါတယ်။ ငြိမ်းချမ်းရေးပွဲတွေနဲ့ ပတ်သက်လို့ အကြိမ်ကြိမ်တက်ဖူး ပါတယ်။ ကျွန်တော်က လွှတ်တော်ထဲမှာ အမတ်ဖြစ်ခဲ့တော့ NCAစာချုပ်ချုပ်ဖို့ ဘယ်လိုကြိုးစားခဲ့ရတယ်ဆိုတာကို သိပါတယ်။ NCA ဖြစ်ဖို့အတွက် နှစ်နှစ်နီးပါး ကြိုးစားခဲ့ရတယ်။ NCA ရဲ့ အသီးအပွင့်က ငြိမ်းချမ်းမှုဖြစ်တယ်။ NCAရဲ့ ပင်မအနှစ်သာရသည် အခြေခံဥပဒေကို ပြင်မယ့် နည်းလမ်းကိုရှာတာဖြစ်ပါတယ်။ လက်နက်ကိုင်အဖွဲ့အစည်းရဲ့ ပင်မရည်ရွယ်ချက်က ငြိမ်းချမ်းမှုအတွက်ထက် နိုင်ငံရေးအားဖြင့် ရည်မှန်းတာကို တောင်းလို့မရလို့ လက်နက်ကိုင်တာဖြစ်ပါတယ်။ လက်နက်ကိုင်နည်းနဲ့ နှစ်ပေါင်းကြာလာတဲ့အခါ နိုင်ငံရေးနည်းနဲ့ ပြန်လည်ဖြေရှင်းမှ ရမယ်ဆိုတဲ့ သံသရာတစ်ပတ်ပြန်လည်လာတာဖြစ်ပါတယ်။ တွေ့ကြ၊ ဆွေးနွေးကြဆိုတဲ့ ဒီပန်းတိုင် လိုအပ်ပါတယ်။ NCA က တွေ့ဆုံကြတယ်၊ ဆွေးနွေးကြတယ်၊ အပစ်အခတ်ရပ်ကြတယ်။

ဒေါ်နန်းယဉ်ယဉ်စိုး

တွဲဖက်အတွင်းရေးမှူး(၂)၊ PNLO

အနာဂတ် ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်မယ့် မြန်မာနိုင်ငံအခင်းအကျင်းမှာ stakeholderအနေနဲ့ ဒီအခမ်းအနားကိုတက်ရောက်တာဖြစ်ပါတယ်။ တစ်နည်းအားဖြင့် NCA နှစ်ပတ်လည်အခမ်းအနားက လက်မှတ်ရေးထိုးခဲ့တဲ့ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းအားလုံးရဲ့ စုပေါင်းပိုင်ဆိုင်မှု Joint Ownershipအပေါ်မှာ သက်ရောက်လာတာ ဖြစ်ပါတယ်။ ကျွန်မတို့ NCA လက်မှတ်ရေးထိုးထားတဲ့ အဖွဲ့ ၁၀ ဖွဲ့ ရှိတယ်။ အလားတူပဲ NCA တံခါးက အမြဲတမ်းဖွင့်ထားလျက်ပါပဲ။ နိုင်ငံရေဆွေးနွေးပွဲအဆင့်ဆင့်တွေကို ဖြတ်သန်း ရမှာဖြစ်ပါတယ်။ NCAမှာလည်း အတိအလင်းပါထားပြီးဖြစ်ပါတယ်။ ဒါကြောင့် တိုင်းပြည်ကို ငြိမ်းချမ်းလိုတဲ့စိတ်၊ တိုင်းပြည်ကို ပြန်လည်ထူထောင်တဲ့အခါမှာ တိုင်းပြည်ချစ်စိတ်နဲ့ စားပွဲဝိုင်းပေါ် မှာ ဆွေးနွေးအဖြေရှာတဲ့ နိုင်ငံရေးစကားဝိုင်း ယဉ်ကျေးမှုထွန်းကားတဲ့ အခင်းအကျင်းတစ်ရပ်မှာ မပါဝင်သေးတဲ့ အစုအဖွဲ့အားလုံး ဆွေးနွေးပါဝင်လာဖို့ကိုလည်း ကျွန်မအနေနဲ့ ဒီကနေဖိတ်ခေါ် လိုပါတယ်။ NCA ကနေ ၂၀၁၅ ခုနှစ်မှာ လက်မှတ်ရေးထိုးလိုက်တဲ့ ဒီနေ့လိုအခင်းအကျင်းကနေ ၂၀၂၃ ခုနှစ်ကို ရောက်ရှိလာတာဖြစ်ပါတယ်။ ဆွေးနွေးခဲ့တဲ့ကာလတွေမှာ NCA ရဲ့ အားနည်းချက်၊ အားသာချက်၊ အခက်အခဲတွေရှိတယ်၊ စိန်ခေါ်မှုတွေရှိတယ်။ NCAပျက်ပြီဆိုပြီး ဝေဖန် တိုက်ခိုက်ခံရမှုတွေ ရှိပါတယ်။ ဒီလို အချိန်အခါမှာ လွှတ်တော်ကနေ Legal Document အနေနဲ့ အတည်ပြုထားတဲ့ NCA ဟာ ဥပဒေရှုထောင့်က ကြည့်မယ်ဆိုရင် ပျက်သုဉ်းခြင်းမရှိပါဘူး။ ဒါကြောင့် NCA ရဲ့ အားသာချက်၊ အားနည်းချက်တွေကို ပြန်လည်သုံးသပ်မယ်။ ကျွန်မတို့အားလုံး လိုလားတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကို ဘယ်လိုသွားလို့ရမယ်ဆိုတာကို ဆွေးနွေးအဖြေရှာနိုင်မယ်လို့ ယုံကြည်ပါတယ်။

ဦးမြင့်လွင်

ဥက္ကဋ္ဌ၊ တာမိုးညဲဒေသ(မုန်းဝန်း)

ဗမာတိုင်းရင်းသားယဉ်ကျေးမှုအဖွဲ့

ဒီနေ့မှာကျင်းပတဲ့ NCA က အင်မတန်မွန်မြတ်သလို အရေးလည်းကြီးပါတယ်။ တစ်ပြည်လုံးအတိုင်းအတာနဲ့ ငြိမ်းချမ်းရေးရရှိလာတဲ့အခါ တိုင်းပြည်ဟာ အစစအရာရာ အောင်မြင်လာမှာဖြစ်ပါတယ်။ နိုင်ငံတော်ရဲ့တည်ငြိမ်မှုနဲ့ အေးချမ်းသာယာမှုတွေက ပြည်သူလူထုတွေ လိုချင်တဲ့ အဓိကအချက်ပဲဖြစ်ပါတယ်။ ဒီနေ့အခမ်းအနားကို တက်ရောက်ခွင့် ရတဲ့အတွက် ကျေးဇူးတင်ပါတယ်။ လက်မှတ်မထိုးရသေးတဲ့ အဖွဲ့အစည်းတွေအနေနဲ့ ပါဝင်လက်မှတ်ရေးထိုးနိုင်ဖို့အတွက် သက်ဆိုင်ရာအဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပြီးပါဝင်ကြပါလို့ တိုက်တွန်းလိုပါတယ်။

သူရဦးရွှေမန်း

ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ(ဟောင်း)

လူတိုင်းက ငြိမ်းချမ်းရေးကို လိုလားတယ်။ ငြိမ်းချမ်းရေးအတွက် လုပ်ဆောင်သမျှအားလုံးကို အားပေးရမယ်၊ ကြိုဆိုရမယ်။ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ဆိုတာကလည်း ငြိမ်းချမ်းရေးရဖို့အတွက် ရှေ့ပြေးကိစ္စတစ်ခုဖြစ်ပါတယ်။

ဒေါ်စောမြရာဇာလင်း

ဥက္ကဋ္ဌ၊ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ

တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေးသဘောတူစာချုပ် (NCA) ဆိုတာ အလိုလိုပေါ်ပေါက်လာတာ မဟုတ်ပါဘူး။ အင်မတန်မှ ကြိုးစားပြီးရယူခဲ့တဲ့ မြန်မာနိုင်ငံအတွက် တန်ဖိုးရှိတဲ့ စာချုပ်တစ်ခု ဖြစ်ပါတယ်။ မြန်မာနိုင်ငံရဲ့ သမိုင်းမှာဆိုရင် ဒုတိယပေါ်ပေါက်လာတဲ့ စာချုပ် ဖြစ်ပါတယ်။ ဒီစာချုပ်ရဲ့ နှစ်ပတ်လည်နေ့အခမ်းအနားကို အကြောင်းအမျိုးမျိုးကြောင့် မကျင်းပနိုင်ခဲ့တာတွေရှိပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် အစိုးရနဲ့ EAOs အဖွဲ့တွေ ကြိုးပမ်းခဲ့ကြတဲ့အတွက် ဒီနေ့ ဒီအချိန်မှာ ဒီလိုအခမ်းအနားကို ကျင်းပ နိင်ခဲ့ခြင်းဖြစ်ပါတယ်။ အခုလို ကျင်းပနိုင်ခဲ့တဲ့အတွက် အင်မတန်ဝမ်းသာပါတယ်။ NCA တည်တံ့ခိုင်မြဲဖို့၊ အနာဂတ်မှာ ကြိုးစားတည်ဆောက်ဖို့နဲ့ ရှေ့ဆက်ပြီး မြန်မာတစ်နိုင်ငံလုံး တည်ငြိမ်အေးချမ်းအောင် ဆောင်ရွက်ဖို့ ကျွန်မတို့ အတတ်နိုင်ဆုံးဆောင်ရွက်သွားပါ့မယ်။ NCA ပါ ပြဋ္ဌာန်းချက်တွေအတိုင်း ရှေ့ဆက်သွားဖို့ အကောင်းဆုံးဖြစ်အောင် ကြိုးစားနေပါတယ်။ NCA ရဲ့ အဓိကကျတဲ့ အနှစ်သာရက ဒီမိုကရေစီနဲ့ ဖက်ဒရယ်စနစ်ကို အခြေခံတဲ့ ပြည်ထောင်စုတည်ဆောက်ရေးပဲ ဖြစ်ပါတယ်။

တွေ့ဆုံမေးမြန်း - မျိုးဆက်သစ်

ဓာတ်ပုံ - အေးဟိန်း