Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် Moscow Power Engineering Institute ၊ National Research Nuclear University ၊ RUDN တက္ကသိုလ်နှင့် Rosatom Technical Academy သို့ သွားရောက်လေ့လာ

နေပြည်တော် အောက်တိုဘာ ၁၄

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် အောက်တိုဘာ ၁၃ ရက် နံနက်ပိုင်းက ရုရှားနိုင်ငံ Rosatom မှ တာဝန်ရှိသူများနှင့်အတူ Moscow Power Engi-neering Institute၊ National Research Nuclear Universityနှင့် RUDN တက္ကသိုလ်များသို့ သွားရောက်လေ့လာရာ တက္ကသိုလ်များမှ ဒုတိယပါမောက္ခချုပ်များက တက္ကသိုလ်ဆိုင်ရာ အချက်အလက်များ၊ သင်ကြားသင်ယူမှုစနစ်များ၊ သုတေသနလုပ်ငန်းများ၊ တက္ကသိုလ်ပတ်ဝန်းကျင်၊ စာသင်ခန်း၊ စာကြည့်တိုက်၊ ဓာတ်ခွဲခန်းများ၊ အလုပ်ရုံများနှင့်သုတေသနခန်းများကို လိုက်လံရှင်းလင်းပြသသည်။

ထိုသို့လေ့လာကြည့်ရှုစဉ် ပြည်ထောင်စုဝန်ကြီးသည် အဆိုပါတက္ကသိုလ်များတွင် ပညာသင်ကြား လျက်ရှိသော မြန်မာကျောင်းသားများနှင့် တွေ့ဆုံ၍ လိုအပ်သည်များကို ကူညီဖြည့်ဆည်းဆောင်ရွက်ပေးပြီး ယင်းတက္ကသိုလ်မှ တာဝန်ရှိသူများနှင့်တွေ့ဆုံကာ Moscow Power Engineering Institute၊ National Research Nuclear University၊ RUDN တက္ကသိုလ်များနှင့် မြန်မာနိုင်ငံမှ တက္ကသိုလ်များ သင်ကြားသင်ယူမှုနှင့် သုတေသနပူးပေါင်းဆောင်ရွက်မည့် အခြေအနေများကို ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ထို့နောက် ပြည်ထောင်စုဝန်ကြီးသည် Rosa-tom Technical Academy (မော်စကိုကျောင်းခွဲ) သို့ရောက်ရှိရာ Rosatom Technical Academy အုပ်ချုပ်မှုဒါရိုက်တာက သင်တန်းဆိုင်ရာ အချက်အလက်များကို ရှင်းလင်းပြသခဲ့ပြီး လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပူးပေါင်းဆောင်ရွက်မည့် ကိစ္စများကို ရင်းနှီးပွင့်လင်းစွာ ဆွေးနွေးခဲ့ကြသည်။

သတင်းစဉ်