ရန်ကုန် အောက်တိုဘာ ၁၄
အလုပ်သမားဝန်ကြီးဌာန၊ အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဆိုင်ရာ နှီးနှောဖလှယ်ပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက ရန်ကုန်တိုင်းဒေသကြီး လမ်းမတော်မြို့နယ်ရှိ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ၌ ကျင်းပသည်။
အခမ်းအနားသို့ ပြည်ထောင်စုဝန်ကြီး ဦးမြင့်နောင်၊ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ ဧရာဝတီတိုင်းဒေသကြီး လူမှုရေးရာဝန်ကြီး ဦးမောင်မောင်သန်း၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ခုံသမာဓိကောင်စီဝင်များ၊ အောက်မြန်မာပြည်ခုံသမာဓိအဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ကြသည်။
ညှိနှိုင်းဖျန်ဖြေဆုံးဖြတ်ပေးရန် လိုအပ်
ဦးစွာ ပြည်ထောင်စုဝန်ကြီးက စက်ရုံ၊ အလုပ်ရုံများ ထူထောင်လာသည်နှင့်အမျှ အလုပ်သမားရေးရာ အငြင်းပွားမှုများလည်း မလွဲမသွေရှိနေမည် ဖြစ်သည့်အတွက် အလုပ်သမားရေးရာ အငြင်းပွားမှုဖြေရှင်းရေးဥပဒေကို ပြဋ္ဌာန်းထားပြီး ယင်းဥပဒေအရ Tripartite အဖွဲ့များ၏ အခန်းကဏ္ဍသည် အရေးကြီးလာခြင်းကြောင့် အငြင်းပွားမှုများကို ဖြေရှင်းဆောင်ရွက်နေသည့် ညှိနှိုင်းဖျန်ဖြေရေးအဖွဲ့၊ ခုံသမာဓိအဖွဲ့နှင့် ခုံသမာဓိကောင်စီအဖွဲ့ဝင်များအနေဖြင့် အငြင်းပွားမှု များကို ညှိနှိုင်းဖျန်ဖြေခြင်း၊ ကြားနာစစ်ဆေးဆုံးဖြတ် ခြင်းဆောင်ရွက်ရာတွင် မိမိသည်အလုပ်ရှင်ကိုယ်စား လှယ်ဖြစ်သည်၊ အလုပ်သမားကိုယ်စားလှယ်ဖြစ်သည်ဆိုသည့် အဖွဲ့အစည်းစွဲမထားဘဲ ညှိနှိုင်းဖျန်ဖြေ ဆုံးဖြတ်ပေးရန်လိုအပ်ကြောင်း၊ ညှိနှိုင်းဖျန်ဖြေသူများအနေဖြင့် အငြင်းပွားသူနှစ်ဖက်အကြား Win Win Situation ဖြစ်စေမည့်ရလဒ်ရရှိရေး ဖျန်ဖြေပေးရန်နှင့် ခုံသမာဓိဖြင့် ဆုံးဖြတ်ဆောင်ရွက်သူများအနေဖြင့်လည်း အငြင်းပွားသူ အလုပ်ရှင်၊ အလုပ်သမားများအကြား နှစ်ဖက်သမာသမတ်ကျစွာနှင့် မျှတစွာဆုံးဖြတ်ရန်လိုအပ်ကြောင်း၊ မိမိတို့၏လုပ်ငန်းတာဝန်များကို တာဝန်သိမှု၊ တာဝန်ယူမှု၊ စွမ်းဆောင်ရည်ရှိမှုနှင့် ဥပဒေ၊ နည်းဥပဒေများနှင့်အညီ လုပ်ကိုင်ဆောင်ရွက်သွားစေလိုကြောင်း တိုက်တွန်းပြောကြားသည်။
ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် တာဝန်ရှိသူများသည် တာမွေမြို့နယ်ရှိ အလုပ်သမားဆေးရုံကြီးနှင့် မြို့နယ်လူမှုဖူလုံရေးဆေးခန်းများသို့ သွားရောက်ကြည့်ရှုစစ်ဆေးသည်။
အပြန်အလှန်ဆွေးနွေး
မွန်းလွဲပိုင်းတွင် နှီးနှောဖလှယ်ပွဲအခမ်းအနားကို ဆက်လက်ကျင်းပရာ အလုပ်သမားရေးရာ ဆက်ဆံ ရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ်၊ အလုပ်သမား ညွှန်ကြားရေးဦးစီးဌာန၊ လူမှုဖူလုံရေးအဖွဲ့၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနနှင့် အလုပ်သမားရေးရာ ဆက်ဆံရေးဦးစီးဌာနတို့မှ ဒုတိယညွှန်ကြားရေးမှူးချုပ်များက ဦးစီးဌာနအလိုက် စည်းကြပ်သည့် ဥပဒေများနှင့်အညီ အကောင်အထည်ဖော်ဆောင်ရွက်နေမှု၊ ထိုသို့အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် တွေ့ကြုံရသောစိန်ခေါ်မှုများ၊ အားသာချက်၊ အားနည်းချက်များကို ရှင်းလင်းဆွေးနွေးကြပြီး တက်ရောက်လာသည့် ကိုယ်စားလှယ်များအား အုပ်စု (၃) စုဖွဲ့၍ အုပ်စုလိုက် ဆွေးနွေးခြင်းများနှင့် အပြန်အလှန်ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
သတင်းစဉ်