ရန်ကုန် အောက်တိုဘာ ၁၄
အူရီဒူးမြန်မာသည် ပဲခူးမြို့နယ်နှင့်လှည်းကူးမြို့နယ်တို့မှ ရေဘေးဒဏ်ခံခဲ့ရသည့် ပြည်သူများအတွက် ဆက်လက်ပံ့ပိုးပေးသည့်အနေဖြင့် 2.7 GB ဒေတာ (တစ်ရက်ကို 400MB နှင့် ခုနစ်ရက်စာ) ကို ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁၉ ရက်အထိ အသုံးပြုနိုင်ရန် အခမဲ့ထပ်တိုး ပေးအပ်လိုက်ကြောင်း သိရသည်။
ရေဘေးသင့်ပြည်သူများ ပြန်လည်ထူထောင်ရေးကာလအတွင်း နေ့စဉ်အရေးကြီး သတင်းအချက်အလက်များ ပြတ်တောက်မှုမရှိစေရန်နှင့် အဆက်အသွယ် မပြတ်ရှိနေစေရန် အူရီဒူးမြန်မာက ခုနစ်ရက်တာ ဆက်တိုက်အသုံးပြုနိုင်သည့် နေ့စဉ်သုံးဒေတာများကို အခမဲ့ထည့်သွင်းပေးသွားမည်ဖြစ်သည်။
ပဲခူးတိုင်းဒေသကြီးအတွင်း ရေလွှမ်းမိုးမှုများ ပြင်းထန်စွာဖြစ်ပွားခဲ့သည့်အတွက် ရေဘေးဒဏ်ခံခဲ့ရသည့် ပဲခူးမြို့နယ်နှင့် လှည်းကူးမြို့နယ်တို့မှ ပြည်သူများအား ၎င်းတို့၏မိသားစု၊ မိတ်ဆွေများနှင့် အဆက်အသွယ်မပြတ်ရှိနေအောင် အမြန်ဆုံးကူညီပေးရန် အူရီဒူးမြန်မာက အောက်တိုဘာ ၁၀ ရက်ကစတင်ပြီး အူရီဒူးအချင်းချင်း မိနစ် ၁၀၀ အခမဲ့ဖုန်းခေါ်ဆိုခွင့်ကို ချက်ချင်းပေးအပ်ခဲ့သည်။
အူရီဒူးမြန်မာက ရေဘေးဒဏ်ကြုံတွေ့ခံစားခဲ့ရသည့် ပြည်သူများ၏ အခက်အခဲများကို ထပ်တူသိရှိနားလည်ခံစားရပြီး တတ်နိုင်သည့်ကဏ္ဍမှ ပံ့ပိုးပေးလျက်ရှိသည်။
အူရီဒူးမြန်မာအနေဖြင့် ဆောင်ရွက်လျက်ရှိသည့် လူမှုအကျိုးပြုလုပ်ငန်းအစီအစဉ်များစွာဖြင့် မြန်မာပြည်သူများ၏ လူမှုဘဝတိုးတက်ကောင်းမွန်စေရန် တတ်အားသမျှ ဆက်လက်ပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း သိရသည်။
အာကာလင်း