Skip to main content

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ပဲခူးမြို့အနိမ့်ပိုင်းရပ်ကွက်များ၌ ရေကျန်ရှိမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

ပဲခူး အောက်တိုဘာ ၁၄

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီးဝန်ကြီးများ၊ နယ်မြေခံတပ်နယ်မှ တာဝန်ရှိသူတို့နှင့်အတူ အောက်တိုဘာ ၁၄ ရက် နံနက်ပိုင်းက ပဲခူးမြို့အနိမ့်ပိုင်းရပ်ကွက်များ၌ ရေကျန်ရှိမှုအခြေအနေများအား ကွင်းဆင်းကြည့်ရှုစစ်ဆေးသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်သည် တာဝန်ရှိသူများနှင့်အတူ ပဲခူးမြစ်စိုးရိမ်ရေမှတ်အောက် ကျဆင်းသွားသော်လည်း ရေတားပန်းတာအပြင်ဘက်ရှိ မြေနိမ့်ပိုင်းရပ်ကွက်များဖြစ်သည့် ပဲခူးမြစ်နှင့်ဆက်စပ်လျက်ရှိသော ကျောက်တွင်းကုန်းရပ်ကွက်နှင့် ကျောက်ကြီးစုရပ်ကွက်တို့အတွင်း ရေကျန်ရှိမှု အခြေအနေများ ကွင်းဆင်းကြည့်ရှုသည်။ ကျောက်ကြီးစုရပ်ကွက်အတွင်း သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာနနှင့် တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ရေသန့်စင်စက်တပ်ဆင်ထားသည့် မော်တော်ယာဉ်များဖြင့် ရေသန့်အခမဲ့ဖြန့်ဝေပေးနေမှုများကို ကြည့်ရှုအားပေးကာ ဒေသခံပြည်သူများနှင့် တွေ့ဆုံ ၍ ရင်းရင်းနှီးနှီး အားပေးစကားပြောကြားသည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ယာယီရေဘေးရှောင်ကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်ခဲ့သည့် ကျောက်ကြီးစုရပ်ကွက်ရှိ အခြေခံပညာ အထက်တန်းကျောင်းခွဲနှင့် ဇိုင်းဂနိုင်း မြောက်ပိုင်းရပ်ကွက်ရှိ အမှတ်(၄)အခြေခံပညာအထက်တန်းကျောင်းတို့၌ တပ်မတော်သားများ၊ ရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်တပ်ဖွဲ့များ စုပေါင်းအားဖြင့် သန့်ရှင်းရေးပြုလုပ်နေမှုတို့ကို ကြည့်ရှုအားပေးပြီး ရေကြီးနစ်မြုပ်မှုကြောင့် ဖြစ်ပေါ်နိုင်လာသည့် ကူးစက်ရောဂါများ ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းများ ဆောင်ရွက်ရန် တာဝန်ရှိသူများအား မှာကြားကာ သန့်ရှင်းရေးပြုလုပ်နေသူများကို ထောက်ပံ့ငွေများ ပေးအပ်သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပန်းလှိုင်ရပ်ကွက် အဓိကလမ်းမကြီးများအား သန့်ရှင်းရေးပြုလုပ်နေမှုနှင့် ရေကြီးနစ်မြုပ်ခဲ့သည့် ပဲခူးမြို့ မြို့မဈေးကြီး ပုံမှန်အတိုင်း ပြန်လည်ဖွင့်လှစ်နေမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး ဒေသခံပြည်သူများအား ရင်းရင်းနှီးနှီး နှုတ်ဆက်အားပေးစကား ပြောကြားသည်။

ဆက်လက်၍ ပဲခူးမြို့ရေဘေးအတွက် တိုင်းဒေသကြီးသဘာဝဘေးကွပ်ကဲမှုရုံးသို့ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့မှ ကျပ်သိန်း ၁၀၀၀၊ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ငွေကျပ်သိန်း ၁၅၀ တန်ဖိုး ရှိ ငါးခြောက်မျိုးစုံပိဿာ ၁၃၀၀၊ မြန်မာနိုင်ငံ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းမှ ငွေကျပ်သိန်း ၁၀၀ နှင့် မန္တလေးတိုင်း ဒေသကြီးအစိုးရအဖွဲ့၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးမိသားစုက ငွေကျပ်သိန်း ၈၀ တန်ဖိုးရှိ ဆန်အိတ် ၁၀၀ တို့ကို ထောက်ပံ့လှူဒါန်းရာ တိုင်းဒေသကြီး ဝန်ကြီးချုပ်က လက်ခံရယူခဲ့ပြီး ဂုဏ်ပြုမှတ်တမ်းလွှာများ ပြန်လည်ပေးအပ်ကြောင်း သိရသည်။ 

တိုင်းဒေသကြီး (ပြန်/ဆက်)