Skip to main content

ပိဋကတ်သုံးပုံ အဋ္ဌကထာကျမ်းများ ဆဋ္ဌမူမပျက်ပုံနှိပ်ထုတ်ဝေနိုင်ရေး ဆောင်ရွက်မည်

ရန်ကုန် အောက်တိုဘာ ၁၃

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအေးထွန်းသည် ယနေ့နံနက်ပိုင်းတွင် ကမ္ဘာအေးကုန်းမြေရှိ နိုင်ငံတော်သံဃမဟာနာယကကျောင်းသို့ သွားရောက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ သန်လျင်မင်းကျောင်း ပထမပြန်စာသင်တိုက်၏ ပဓာနနာယကဆရာတော်ကြီး ဒေါက်တာဘဒ္ဒန္တ စန္ဒိမာဘိဝံသနှင့် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ တာဝန်ကျ ဒုတိယအဖွဲ့ခွဲ ဆရာတော်ကြီးများအား ဖူးမြော်ကြည်ညို၍ ပိဋကတ်သုံးပုံအဋ္ဌကထာကျမ်းစာအုပ် ၅၁ အုပ်နှင့် ဋီကာ ၁၈ အုပ်တို့ကို ကွန်ပျူတာစာစီမူဖြင့် ဆဋ္ဌမူမပျက် ပုံနှိပ်ထုတ်ဝေဖြန့်ချိနိုင်ရေးနှင့် ပတ်သက်၍ ဆောင်ရွက်မည့်လုပ်ငန်းစဉ်များကို လျှောက်ထားပြီး ဆရာတော်ကြီးများထံမှ ဩဝါဒခံယူသည်၊၊

မွန်းလွဲပိုင်းတွင် ဒုတိယဝန်ကြီးသည် သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန (ရန်ကုန်)ရုံးခွဲရှိ အစည်းအဝေးခန်းမ၌ ကျင်းပသည့် ပိဋကတ်သုံးပုံ အဋ္ဌကထာ ၅၁ အုပ်အား ကွန်ပျူတာစာစီမူဖြင့် ဆဋ္ဌမူမပျက် ပုံနှိပ်ထုတ်ဝေနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပြီး ယခင်က ခဲစာလုံးစာစီမူဖြင့် ဆောင်ရွက်ခဲ့သည့် ပိဋကတ်သုံးပုံ အဋ္ဌကထာအုပ်များသည် နာဂစ်မုန်တိုင်းကာလအတွင်း ဖလင်များပျက်စီး၍ ထပ်မံရိုက်နှိပ်နိုင်ခြင်းမရှိသည်မှာ ကြာပြီဖြစ်သည့်အတွက် ယခုအခါ နိုင်ငံတော်သံဃမဟာနာယက ဆရာတော်ကြီးများ၏ ခွင့်ပြုဩဝါဒပေးချက်နှင့်အညီ ဆဋ္ဌသင်္ဂါယနာ တင်ခဲ့သည့်မူအတိုင်း ပုံနှိပ်ထုတ်ဝေရေး ဆောင်ရွက်သွားမည်ဖြစ်ပြီး ထိုသို့ဆောင်ရွက်ရာတွင် အမှားအယွင်းကင်းစွာဖြင့် ပြင်ဆင်တည်းဖြတ်ခြင်းများကို ပရိယတ္တိစာသင်တိုက်ကြီးများမှ  သံဃာတော်များ၊ နိုင်ငံတော် ပရိယတ္တိသာသနာတက္ကသိုလ် (ရန်ကုန်၊ မန္တလေး)မှ ဆရာတော်များ၊ အပြည်ပြည်ဆိုင်ရာ ထေရဝါဒဗုဒ္ဓတက္ကသိုလ်မှ ဆရာတော်များအား လျှောက်ထား၍ ကြီးကြပ်မှု ခံယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်၊၊

ဒုတိယဝန်ကြီးသည် အောက်တိုဘာ ၁၂ရက်က ရွှေတိဂုံစေတီတော် ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ အစည်းအဝေးခန်းမ၌ ကျင်းပသည့် Pagoda Digital Directory ဆိုင်ရာ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်ပြီး တန်ခိုးကြီးဘုရား ကိုးဆူအတွက် Software ရေးဆွဲထားသည့် Website တွင် Digital Directory အချက်အလက်များ ဖြည့်သွင်းပြီးစီးမှုအခြေအနေကို ကြည့်ရှုစစ်ဆေးသည်၊၊

ယင်းနောက် ဒုတိယဝန်ကြီးသည် ရွှေတိဂုံစေတီတော်မြတ်ကြီးအား လုံးတော်ပြည့် ရွှေသင်္ကန်းတော် ကပ်လှူပူဇော်နိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်ခဲ့ကြောင်း သိရသည်။ 

သတင်းစဉ်