Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ပညာသင်သွားရောက်မည့် ဝန်ထမ်းများနှင့်တွေ့ဆုံ

နေပြည်တော် အောက်တိုဘာ ၁၃

စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း သည် ယနေ့မွန်းလွဲပိုင်းတွင် အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ တရုတ်ပြည်သူ့သမ္မတနိုင်ငံသို့ ပညာတော်သင် သွားရောက်မည့် စက်မှုပူးပေါင်းဆောင်ရွက်ရေးဦးစီးဌာန အမှတ်(၂) စက်မှုသင်တန်းကျောင်း (မန္တလေး) မှ နည်းပြဆရာ ဆရာမများနှင့် တွေ့ဆုံသည်။

ပြန်လည်လေ့ကျင့်သင်ကြား

တွေ့ဆုံစဉ် ပြည်ထောင်စုဝန်ကြီးက နိုင်ငံတော်အနေဖြင့် ပြည်တွင်းထုတ်ကုန်များအား အရည်အသွေးပြည့်မီအောင် ထုတ်လုပ်ရန်၊ သွင်းကုန်အစားထိုးလုပ်ငန်းများနှင့် MSME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်အောင် အားပေးကူညီ ဖြည့်ဆည်းဆောင်ရွက်ပေးလျက်ရှိကြောင်း၊ ကုန်ထုတ်လုပ်မှု လုပ်ငန်းများ ဆောင်ရွက်နေသော်လည်း ဈေးကွက်မရရှိလျှင် စီးပွားရေးလုပ်ငန်းများသည် ရေရှည် ရပ်တည်ရန် ခက်ခဲမည်ဖြစ်ကြောင်း ထုတ်လုပ်သည့် ကုန်ပစ္စည်းများ အရည်အသွေးကောင်းမွန်ရန်အတွက် စက်ပစ္စည်းများကို ကိုင်တွယ်မောင်းနှင်သည့် ဝန်ထမ်းများ၏ စွမ်းဆောင်ရည်များ မြင့်မားတိုးတက်နေရန် လိုအပ်သဖြင့် စက်မှုကျွမ်းကျင်လုပ်သားများ မွေးထုတ်ပေးနေသည့် နည်းပြ ဆရာ ဆရာမများ၏ အသိပညာ၊ အတတ်ပညာနှင့် ဗဟုသုတများ မြှင့်တင်ပေးရန်အတွက် ယခုကဲ့သို့ ပညာတော်သင်စေလွှတ်ခြင်းဖြစ်ကြောင်း၊ သင်တန်းမှ သင်ကြားပို့ချပေးသည့် ဘာသာရပ်များကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသမျှ အပတ်တကုတ် လေ့လာကြိုးစားသင်ယူပြီး ပြန်လည်ရောက်ရှိပါက သင်ကြားခဲ့သည့် ဘာသာရပ်များကို ဆင့်ပွားသင်တန်းများပြုလုပ်၍ ပြန်လည်လေ့ကျင့်သင်ကြားပေးရမည်ဖြစ်ကြောင်း မှာကြားသည်။

အဆိုပါ တွေ့ဆုံပွဲသို့ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်သည်။

သင်တန်း၌ ဘာသာရပ်တစ်ခုလျှင် နည်းပြသုံးဦးစီဖြင့် စုစုပေါင်း ဘာသာရပ် ခြောက်မျိုးဖြစ်သည့် Mechine Tool Operator ၊ CNC Operator ၊ Welder ၊ Electrician၊ Automobile and Tractor Mechanics နှင့် Air Conditioning and Refrigerator တို့အတွက် စုစုပေါင်းနည်းပြ ၁၈ ဦးက ဘာသာရပ်အလိုက် စာတွေ့ လက်တွေ့ သင်ခန်းစာများကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ ကျုံကျန်း အသက်မွေးဝမ်းကျောင်းနှင့် နည်းပညာကောလိပ်၌ ၂၀၂၃ ခုနစ် အောက်တိုဘာ ၁၅ ရက်မှ ၂၀၂၄ ခုနစ် ဇန်နဝါရီ ၁၄ ရက်အထိ သုံးလကြာ လေ့ကျင့်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

သတင်းစဉ်