နေပြည်တော် အောက်တိုဘာ ၁၃
ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာဗဟိုအဖွဲ့ အစည်းအဝေး (၃/၂၀၂၃) ကို ယနေ့နံနက်ပိုင်းက နေပြည်တော်ရှိ ကျန်းမာရေးဝန်ကြီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ ပုဂ္ဂလိကကျန်းမာရေး လုပ်ငန်းဆိုင်ရာဗဟိုအဖွဲ့ ဥက္ကဋ္ဌ ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သက်ခိုင်ဝင်း ၊ ဗဟိုအဖွဲ့ အဖွဲ့ဝင်များ၊ ကိုယ်စားလှယ်များ၊ အထူးဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်သည်။
အစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီးက ပုဂ္ဂလိက ကျန်းမာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုကို ဥပဒေနှင့်အညီ အားပေးနေသကဲ့သို့ လိုင်စင်ခွင့်ပြုပြီးလုပ်ငန်း များအနေဖြင့်လည်း တည်ဆဲဥပဒေ၊ နည်းဥပဒေများကို တိတိကျကျ လိုက်နာဆောင်ရွက်ရန် အထူးကြပ်မတ် ဆောင်ရွက်လျက် ရှိကြောင်း၊ လိုင်စင်စည်းကမ်းလိုက်နာမှု ပျက်ကွက်ခြင်းရှိပါက စီမံခန့်ခွဲရေးနည်းလမ်းများဖြင့် ထိရောက်စွာ အရေးယူလျက်ရှိကြောင်း၊ ပုဂ္ဂလိကဆေးရုံလုပ်ငန်းရှင်များအနေဖြင့် သဘာဝဘေး အန္တရာယ်များဖြစ်သည့် မီးဘေးအန္တရာယ်၊ ရေဘေး၊ ငလျင်ဘေး အန္တရာယ်များ ကြုံတွေ့လာပါက လူနာများနှင့် ကျန်းမာရေးစောင့်ရှောက်မှုပေးသူများ ဘေးကင်းလုံခြုံရန်နှင့် အဆောက် အဦပိုင်းဆိုင်ရာ သတ်မှတ်အရည်အသွေးများ ပြည့်ဝရန်နှီးနွှယ်ဌာနများ၏ လမ်းညွှန်ချက်များနှင့် အညီဆောင်ရွက်ရန်၊ ကျန်းမာရေး လူ့စွမ်းအားအရင်းအမြစ်များ ခန့်အပ်သည့်အခါ တည်ဆဲဥပဒေ၊ အမိန့်၊ ညွှန်ကြားချက်များနှင့်အညီ ခန့်အပ်သွားရန်၊ လိုင်စင်အသစ် လျှောက်ထားခြင်းနှင့် သက်တမ်း တိုးခြင်းများတွင် လိုအပ်သည့် အထောက်အထားများကို ပြည့်စုံစွာတင်ပြရန်၊ အလေးထားလိုက်နာရန် လိုအပ်ကြောင်း၊ နိုင်ငံတော်၏ ကျန်းမာရေးမူဝါဒနှင့်အညီ ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းများ တိုးတက်ဖြစ်ထွန်းစေရေးအတွက် ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ဗဟိုအဖွဲ့ဝင်များအနေဖြင့် ကျယ်ကျယ်ပြန့်ပြန့် ဆွေးနွေးပြီး ကောင်းမွန်သော အကြံပြုချက်များပေးရန် တိုက်တွန်းပြောကြားသည်။
ထို့နောက် ဗဟိုအဖွဲ့အတွင်းရေးမှူး ကုသရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဒေါက်တာ မြတ်ဝဏ္ဏစိုးက ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းများ တိုးတက်ဖြစ်ထွန်းမှုအခြေအနေနှင့် အထူးကိစ္စရပ်များကိုလည်းကောင်း၊ ဗဟိုအဖွဲ့ တွဲဖက်အတွင်းရေးမှူး ကုသရေးဦးစီးဌာန ဒုတိယညွှန်ကြား ရေးမှူးချုပ် ဒေါက်တာမိုးခိုင်က ဗဟိုအဖွဲ့အစည်းအဝေး ၂/၂၀၂၃ ဆွေးနွေးချက်များအပေါ် ဆောင်ရွက်ထားရှိမှု၊ အတည်ပြုမှတ်တမ်းတင်ကိစ္စရပ်များနှင့် ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်း လိုင်စင်(အသစ်) လျှောက်ထားလာသည့် ကိစ္စရပ်များကိုလည်းကောင်း တင်ပြကြရာ ဗဟိုအဖွဲ့ အဖွဲ့ဝင်များက ဝိုင်းဝန်းဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက နိဂုံးချုပ်အမှာစကား ပြောကြားခဲ့ကြောင်း သိရသည်။
သတင်းစဉ်