Skip to main content

အလယ်အလတ်အဆင့် ဥပဒေအရာရှိများ မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

နေပြည်တော် အောက်တိုဘာ ၁၃

အလယ်အလတ်အဆင့် ဥပဒေအရာရှိများ မွမ်းမံသင်တန်းအမှတ်စဉ် (၁/၂၀၂၃) သင်တန်းဆင်းပွဲအခမ်း အနားကို ယနေ့ မွန်းလွဲ ၂ နာရီက ဥပဒေရေးရာဝန်ကြီးဌာနရှိ အစည်းအဝေးခန်းမ၌ ကျင်းပရာ ပြည်ထောင်စုဝန်ကြီးနှင့် ပြည်ထောင်စုရှေ့နေချုပ် ဒေါက်တာသီတာဦး တက်ရောက်၍ သင်တန်းဆင်း အမှာစကားပြောကြားသည်။

သင်တန်းဆင်းပွဲအခမ်းအနားသို့ ဒုတိယဝန်ကြီးနှင့်ဒုတိယရှေ့နေချုပ်၊ ညွှန်ကြားရေးမှူးချုပ်များ၊ ဒုတိယညွှန်ကြားရေးမှူးချုပ်များ၊ သင်တန်းဆရာ ဆရာမများနှင့် သင်တန်းသားများ တက်ရောက်ကြသည်။

သင်တန်းဆင်းပွဲတွင် ပြည်ထောင်စုဝန်ကြီးနှင့်ပြည်ထောင်စုရှေ့နေချုပ်က သင်တန်းတွင် Legal English ဘာသာရပ်၊ ဥပဒေမူကြမ်းစိစစ်ရေးဘာသာရပ်အဖြစ် ဥပဒေမူကြမ်းရေးဆွဲခြင်း၊ ပြင်ဆင်သည့် ဥပဒေမူကြမ်းရေးဆွဲခြင်း၊ တစ်ဆင့်ခံဥပဒေမူကြမ်း ရေးဆွဲခြင်းဆိုင်ရာ ကိစ္စများကိုလည်းကောင်း၊ ဥပဒေ အကြံဉာဏ်ပေးရေး ဘာသာရပ်အဖြစ် စီပွားရေးစာချုပ်စာတမ်းများ စိစစ်အကြံပြုခြင်းနှင့် နိုင်ငံပိုင်မြေများစီမံခန့်ခွဲခြင်းနှင့် တရားမဝင်ကျူးကျော်နေ ထိုင်မှုများဆိုင်ရာ မြေယာပြဿနာများ၊ ၁၉၅၅ ခုနှစ် အစိုးရအိမ်ဥပစာ (နှင်ထုတ်ခြင်း) အက်ဥပဒေနှင့် စပ်လျဉ်းသည့် သိကောင်းစရာကိစ္စများကိုလည်းကောင်း၊ တရားစွဲနှင့် အမှုလိုက်ဘာသာရပ်အဖြစ် ပြစ်မှုဆိုင်ရာအမှုများကို တရားစွဲဆိုခြင်းမပြုမီ ဥပဒေအကြံဉာဏ်ပေးခြင်း၊ အမှုလိုက်ပါဆောင်ရွက်ခြင်း၊ လျှောက်လဲချက်ပေးခြင်း၊ အယူခံမှု၊ ပြင်ဆင်မှု၊ တရားမမှုဆိုင်ရာကိစ္စများကိုလည်းကောင်း၊ စီမံရေးရာဘာသာရပ်အဖြစ် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများ၊ ရုံးစစ်ဆေးခြင်း၊ စီမံရေးရာညွှန်ကြားချက်များ၊ ရသုံးမှန်းခြေငွေစာရင်းဆောင်ရွက်ရန် လုပ်ငန်းစဉ်များကိုလည်းကောင်း သင်ကြားပို့ချခဲ့ပါကြောင်း၊ သင်တန်းမှရရှိသည့် အမှုလိုက်ပညာရပ်များနှင့် အသိပညာဗဟုသုတများကို မိမိတို့လုပ်ငန်းခွင်တွင် လက်တွေ့ကျင့်သုံးလိုက်နာ ဆောင်ရွက်ခြင်းဖြင့် မိမိတို့ဌာန၊ မိမိတို့နိုင်ငံ အကျိုးကို ဆတက်ထမ်းပိုး ထမ်းဆောင်နိုင်ကြစေကြောင်း ပြောကြားသည်။

သတင်းစဉ်