နေပြည်တော် အောက်တိုဘာ ၁၃
နိုင်ငံခြားရေးဝန်ကြီးဌာန၊ မဟာဗျူဟာလေ့လာရေးနှင့် လေ့ကျင့်ရေးဦးစီးဌာနနှင့် ရန်ကုန်နိုင်ငံခြား ဘာသာတက္ကသိုလ်တို့ ပူးပေါင်းဆောင်ရွက်၍ နိုင်ငံခြားရေးဝန်ကြီးဌာနမှ အရာထမ်း/ အမှုထမ်းများ အတွက် ကုလသမဂ္ဂရုံးသုံးဘာသာစကားများဖြစ်သည့် အင်္ဂလိပ်၊ တရုတ်၊ ပြင်သစ်၊ ရုရှား၊ စပိန် ဘာသာစကားများနှင့် အခြားဘာသာစကားများ ဖြစ်ကြသည့် ထိုင်း၊ ကိုရီးယား၊ ဂျာမန်နှင့် ဂျပန်၊ အီတလီ စုစုပေါင်း ဘာသာစကား (၁၀) မျိုး သင်တန်းများ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီတွင် နိုင်ငံခြားရေးဝန်ကြီးဌာန (နေပြည်တော်)ရှိ လောကနတ်ခန်းမ၌ ကျင်းပရာ ဒုတိယ ဝန်ကြီးချုပ်နှင့် ပြည်ထောင်စုဝန်ကြီး ဦးသန်းဆွေ တက်ရောက်၍ သင်တန်းဖွင့်ပွဲအမှာစကား ပြော ကြားသည်။ ဆက်လက်၍ ရန်ကုန် နိုင်ငံခြားဘာသာတက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာ ကြည်ရွှင် က ကြိုဆိုနှုတ်ခွန်းဆက်စကား ပြောကြားသည်။
သင်တန်းဖွင့်ပွဲ အခမ်းအနားသို့ နိုင်ငံခြားရေးဝန်ကြီးဌာန၊ အမြဲတမ်းအတွင်းဝန်၊ ညွှန်ကြား ရေးမှူးချုပ်များ၊ ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာကြည်ရွှင်၊ ဒုတိယ ပါမောက္ခချုပ်များ၊ သင်တန်းနည်းပြများ၊ တာဝန်ရှိသူများနှင့် သင်တန်းသား/သူများ တက်ရောက် ကြသည်။
အဆိုပါ ဘာသာစကား သင်တန်းများကို ရန်ကုန်နိုင်ငံခြားဘာသာတက္ကသိုလ်၌ ယနေ့မှစတင်၍ Online စနစ်ဖြင့် လည်းကောင်း၊ In-person စနစ် ဖြင့်လည်းကောင်း ဖွင့်လှစ်သင်ကြား ပို့ချသွားမည်ဖြစ်ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနမှ ဝန်ကြီးရုံးနှင့် ဦးစီးဌာနအသီးသီးရှိ အရာထမ်း/ အမှုထမ်း စုစုပေါင်း ၁၉၄ ဦး တက်ရောက်ကြမည်ဖြစ်ရာ ဘာသာစကားအသီးသီးကို ကျွမ်းကျင် တတ်မြောက်နိုင်ရန်နှင့် ထိရောက်ပိုင်နိုင်စွာ အသုံးချနိုင်ရန်အတွက် လေ့ကျင့်သင်ကြားပို့ချ ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်