နေပြည်တော် အောက်တိုဘာ ၁၂
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က မြန်မာအီလက်ထရောနစ်မဲပေးစက်နှင့် စပ်လျဉ်းပြီး ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြစမ်းသပ်မဲပေးခြင်းကို ယနေ့တွင် ဥတ္တရသီရိမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပသည်။
စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်
ရှင်းလင်းပြသခြင်းနှင့် လက်တွေ့သရုပ်ပြ စမ်းသပ်မဲပေးခြင်းအစီအစဉ်သို့ မြို့နယ်စီမံအုပ်ချုပ် ရေးအဖွဲ့ဥက္ကဋ္ဌ ဦးရဲမြတ်သိန်း၊ ဇလောင်းကျေးရွာအုပ်စုနှင့် မောင်းရမ်းကျေးရွာအုပ်စုတို့မှ အုပ်ချုပ်ရေးမှူးများ၊ အတွင်းရေးမှူးများနှင့် မဲဆန္ဒရှင်ပြည်သူများ၊ မင်းကုန်းကျေးရွာအုပ်စုနှင့် တောင်ညိုကျေးရွာအုပ်စုတို့မှ အုပ်ချုပ်ရေးမှူးများ၊ အတွင်းရေးမှူးများနှင့် မဲဆန္ဒရှင်ပြည်သူများ တက်ရောက်၍ လက်တွေ့စမ်းသပ်မဲပေးခြင်းများ ဆောင်ရွက်ကြသည်။
ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်မှ အဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက မြန်မာအီလက်ထရောနစ် မဲပေးစက်အသုံးပြု၍ စမ်းသပ်မဲပေးခြင်းနှင့်စပ်လျဉ်း၍ ရှင်းလင်းဆွေးနွေးပြီး မဲရုံအဖွဲ့ဝင်များက တာဝန်ယူကိုင်တွယ်ဆောင်ရွက်ရသည့် ထိန်းချုပ်စက်ကို မဲဆန္ဒရှင်ပြည်သူများက ကိုယ်တိုင်လက်တွေ့ စမ်းသပ်မဲပေးခြင်းလုပ်ငန်းစဉ်များကို ဆောင်ရွက်ကြသည်။
လက်တွေ့ဆန္ဒမဲပေး
ရှင်းလင်းဆွေးနွေးခြင်းနှင့် စမ်းသပ်မဲပေးခြင်းများသို့ နံနက်ပိုင်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ဇလောင်းကျေးရွာအုပ်စုနှင့် မောင်းရမ်းကျေးရွာအုပ်စုမှ အုပ်ချုပ်ရေးမှူးများ၊ အတွင်းရေးမှူးများနှင့် မဲဆန္ဒရှင်ပြည်သူ ၂၅၀၊ မွန်းလွဲပိုင်းတွင် မင်းကုန်းကျေးရွာအုပ်စုနှင့် တောင်ညိုကျေးရွာအုပ်စုမှအုပ်ချုပ်ရေးမှူးများ၊ အတွင်းရေးမှူးများနှင့် မဲဆန္ဒရှင်ပြည်သူ ၂၇၀ တက်ရောက်ခဲ့ပြီး မဲပေးစက်ဖြင့် လက်တွေ့ဆန္ဒမဲပေးခဲ့ကြကြောင်း သိရသည်။
သတင်းစဉ်