Skip to main content

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် စမ်းသပ်သန်းခေါင်စာရင်းကောက်ယူနေမှုများ ကြည့်ရှုအားပေး

မုံရွာ အောက်တိုဘာ ၁၂

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမြတ်ကျော်သည် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်များ၊ တိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်/မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် မုံရွာမြို့နယ် ကျွဲရဲ(မြောက်) ကျေးရွာအတွင်းရှိ ကောက်ကွက်သုံးကွက်အား အဖွဲ့ငါးဖွဲ့ခွဲကာ စမ်းသပ်သန်းခေါင်စာရင်းကောက်ယူနေမှုများကို လိုက်လံကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များ တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့သည်။

ထို့နောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် ကျေးရွာနေပြည်သူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ခဲ့ကြပြီး ကျေးရွာဖွံ့ဖြိုးရေးလုပ်ငန်းများနှင့် ပညာရေး၊ ကျန်းမာရေး၊ စိုက်ပျိုးရေး၊ မွေးမြူရေးလုပ်ငန်းများနှင့်ပတ်သက်၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ် ဆောင်ရွက်ပေးခဲ့သည်။

အဆိုပါ စမ်းသပ်သန်းခေါင် စာရင်းကောက်ယူမှုအား ၂၀၂၃ ခုနှစ် အောက်တိုဘာ ၁ ရက်မှ ၁၅ ရက်အထိ မုံရွာမြို့နယ်အတွင်းရှိ ရုံးကြီးရပ်ကွက်တွင် ကောက်ကွက်နှစ်ကွက်၊ သပြေတောကျေးရွာတွင် ကောက်ကွက် တစ်ကွက်၊ ကော်လပြကျေးရွာတွင် ကောက်ကွက်နှစ်ကွက်၊ ကျွဲရဲ(တောင်)ကျေးရွာတွင် ကောက်ကွက်နှစ်ကွက်၊ ကျွဲရဲ(မြောက်) ကျေးရွာတွင် ကောက်ကွက် သုံးကွက်စုစုပေါင်း ကောက်ကွက် ၁၀ ကွက်ဖြင့် စမ်းသပ်သန်းခေါင်စာရင်းကောက်ယူသွားမည်ဖြစ်သည်။

ဆက်လက်ပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် တာဝန်ရှိသူများသည် အဆိုပါကျေးရွာများရှိ ဒေသခံပြည်သူများအား မုံရွာခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ မုံရွာခရိုင် ဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များအသင်းတို့ ပူးပေါင်း၍ စားသုံးဆီများအား ရည်ညွှန်းဈေးနှုန်းဖြင့် ရောင်းချပေးနေမှုများကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များ တာဝန်ရှိသူများနှင့် ဖြည့်ဆည်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)