Skip to main content

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးရေလျှံခြင်းနှင့် သဘာဝဘေးအန္တရာယ်ကျရောက်မှုကြိုတင်ကာကွယ်ခြင်းလုပ်ငန်းများ လှည့်လည်ကြည့်ရှုစစ်ဆေး

နေပြည်တော် အောက်တိုဘာ ၁၂

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်ကောင်စီအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် လယ်ဝေးမြို့နယ် ကြက်သွန်ခင်းကျေးရွာ၌ အောက်တိုဘာ ၁၀ ရက်ညပိုင်းက မိုးသည်းထန်စွာရွာသွန်းပြီး ပလွေးချောင်းရေတိုက်စားမှုကြောင့် ကမ်းပါးပြိုမှုအခြေအနေနှင့် ယာယီမြေထိန်းနံရံတည်ဆောက်နေမှုကို ကြည့်ရှုပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ဆောင်ရွက်ပေးသည်။

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက ယာယီမြေထိန်းနံရံ ဆောင်ရွက်နေသူများအား ဆီနှင့်ကြက်ဥများ ပေးအပ်သည်။

မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် တပ်ကုန်းမြို့နယ် ရေအေးကျေးရွာအနီး မိုင်တိုင် ၁၂/၆ ရှိ ရွှေတံချူးချောင်း ရေထွက်ပေါက်များသည် အောက်တိုဘာ ၈ ရက်က မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် သဲနုန်းများပိတ်ဆို့ကာချောင်းသည် တိမ်ကောနေသည့်အတွက် စိုက်ခင်းများရေလွှမ်းမိုးမှုဖြစ်ပေါ်နေသဖြင့် ပိတ်ဆို့နေသည့်သဲနုန်းများကို စက်ယန္တရားများဖြင့် ပြန်လည်တူးဖော်နေမှုကို ကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို မှာကြားကာ တောင်သူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်သည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဇေယျာသီရိမြို့နယ် အင်းသာကျေးရွာအနီး ဆင်သေချောင်းအတွင်းရှိ တည်ဆောက်ထားသည့် ပြိုကျပျက်စီးနေသော ကျောက်စီမြေထိန်းနံရံကို သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများက ပြိုကျပျက်စီးမှုအခြေအနေများနှင့် ပြန်လည်ပြင်ဆင် မည့်အခြေအနေများကို ရှင်းလင်းတင်ပြကြသည်။

ကြိုတင်ပြင်ဆင်

ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့်အဖွဲ့သည် ဇေယျာသီရိမြို့နယ် စည်ပင်ကြီးကျေးရွာအတွင်း ပေါင်းလောင်းမြစ်နှင့် ဆင်သေချောင်းရေဆုံကျသဖြင့် ကျေးရွာအတွင်း ရေဝင်ရောက်နေမှုနှင့် စပါးစိုက်ခင်းများ ရေနစ်မြုပ်နေမှုကို လည်းကောင်း၊ ပျဉ်းမနားမြို့နယ် သစ်ဆိမ့်ပင်ကျေးရွာအနီး ပေါင်းလောင်းရေလွှဲဆည် ရေထိန်းတံခါးရေကျော် နေမှုအခြေအနေကို လည်းကောင်း၊ လယ်ဝေးမြို့နယ် ဆင်အုံကန်ရေထိန်းတံခါး ရေပိုလွှဲမှရေထုတ်လွှတ် နေမှုကိုလည်းကောင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက မြို့နယ်အသီးသီးတွင် ဘေးအန္တရာယ်ဖြစ်ပွားနိုင်သည့်နေရာများကို ကြိုတင်ကာကွယ်ရေး၊ ပြောင်းရွှေ့ရမည့်လုပ်ငန်းများကို စီစဉ်ဆောင်ရွက်ထားရန်လိုကြောင်း၊ ဘေးအန္တရာယ်ကျရောက်ပါက ကူညီကယ်ဆယ်ရေး လုပ်ငန်းများကို အမြန်ဆုံးချက်ချင်းဆောင်ရွက်နိုင်ရေး ကြိုတင်စုဖွဲ့ထားရှိကြရန်လိုကြောင်း၊ ကယ်ဆယ်ရေးပစ္စည်းများနှင့် သောက်ရေသန့်များ၊ စားရေရိက္ခာများကို ကြိုတင်ပြင်ဆင်စီမံဆောင်ရွက်ထားရန် လိုကြောင်းတို့ကို တာဝန်ရှိသူများအား မှာကြားခဲ့ကြောင်း သိရသည်။

သတင်းစဉ်