Skip to main content

တိုင်းဒေသကြီးဝန်ကြီးချုပ် ပဲခူးမြို့ ရေဘေးရှောင်စခန်းများသို့ သွားရောက်အားပေးခဲ့ပြီး ထောက်ပံ့ရေးပစ္စည်းများပေးအပ်

ပဲခူး အောက်တိုဘာ ၁၂

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ အောက်တိုဘာ ၁၁ ရက် မွန်းလွဲပိုင်းက ပဲခူးမြို့ရေဘေးရှောင်စခန်းများသို့ သွားရောက်အားပေးခဲ့ပြီး ထောက်ပံ့ရေးပစ္စည်းများပေးအပ်ခဲ့သည်။

ဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့သည် ပဲခူးမြစ်ရေပြန်လည်ကျဆင်းနေမှုကို ကြည့်ရှုစစ်ဆေးခဲ့ပြီး ပဲခူးမြစ်ရေဝင်ရောက်သည့် မြေနိမ့်ပိုင်းနေရာများရှိ ရေတားတာများအား ပြန်လည်အဆင့်မြှင့်တင်ရန်၊ အများနှင့်သက်ဆိုင်သည့် ဆေးရုံ၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အအုံများနှင့် ရပ်ကွက်များအတွင်းရှိ ရေဝပ်ခဲ့သည့် နေရာများအား ပြန်လည်စုပ်ထုတ်နိုင်ရေး ဦးစားပေးဆောင်ရွက်ရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။ ၎င်းနောက် အနောက်ရွှေနံ့သာ ဘုန်းတော်ကြီးကျောင်းသို့ ရောက်ရှိခဲ့ပြီး ပဓာနနာယကဆရာတော်အား လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ပြီး ရေဘေးသင့်ပြည်သူများအား အားပေးစကားပြောကြားခဲ့ပြီး ရေဘေးသင့် အိမ်ထောင်စုတစ်စုလျှင် အိမ်သုံးပစ္စည်း(၂၄)မျိုးပါ Family Kit တစ်ပုံးစီ၊ ခေါက်ဆွဲခြောက်၊ ရေသန့်နှင့်ကလေးများအတွက် အာဟာရမုန့်များ ထောက်ပံ့ပေးအပ်ခဲ့သည်။

ထို့နောက် ပဲခူးမြို့ မဂ္ဂတစ်လမ်းတစ်လျှောက် ရပ်ကွက်များအတွင်း ရေများပြန်လည်ကျဆင်းနေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ပြီး တောင်ဘက်ခြမ်း ရပ်ကွက်များအတွင်းသို့ ဝင်ရောက်ခဲ့သည့်ရေများအား အမြန်ဆုံးပြန်လည်ကျဆင်းနိုင်ရေး ဟံသာဝတီရှေးဟောင်းကျုံးအတွင်းရှိ အမှိုက်များ၊ ဗေဒါပင်များအား စက်ယန္တရားကြီးများဖြင့် ဖယ်ရှားရှင်းလင်း ဆောင်ရွက်နေမှုကို ကြည့်ရှုစစ်ဆေးခဲ့ကာ ရေထွက်လမ်းတစ်လျှောက် ပိတ်ဆို့နေသည့် အတားအဆီးများအား ဖယ်ရှားရှင်းလင်းသွားရန်နှင့်လိုအပ်ပါက ရေထွက်လမ်းပေါက်များ တစ်ပါတည်းချဲ့ထွင်သွားရန် တာဝန်ရှိသူများအား လမ်းညွှန်မှာကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့သည် ပဲခူးမြို့ကလျာဏီရပ်ကွက် ရေဘေးသင့်ပြည်သူများအား အားပေးစကားပြောကြားခဲ့ပြီး ရေဘေးသင့်အိမ်ထောင်စု တစ်စုလျှင် အိမ်သုံးပစ္စည်း(၂၄)မျိုးပါ Family Kit တစ်ပုံးစီ၊ ခေါက်ဆွဲခြောက်၊ ရေသန့်နှင့် ကလေးများအတွက် အာဟာရမုန့်များ ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီးတို့သည် ဗုဒ္ဓအသံဓမ္မဗိမာန်တော်ကြီး၌ ဖွင့်လှစ်ထားသည့် တိုင်းဒေသကြီးသဘာဝဘေး ကွပ်ကဲမှုရုံး၌ ယာယီရေဘေးရှောင် ကယ်ဆယ်ရေးစခန်းများတွင် အနီးကပ်ကြီးကြပ်ဆောင်ရွက်လျက်ရှိသော အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ စခန်းအလိုက်တာဝန်ခံ တိုင်းဒေသကြီးအဆင့်ဌာနဆိုင်ရာများ၊ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တွေ့ဆုံ၍ သက်ဆိုင်ရာယာယီရေဘေးရှောင်စခန်းအလိုက်လိုအပ်ချက်များ အားသာချက်/အားနည်းချက်များအား မေးမြန်းဆွေးနွေးခဲ့ရာ တင်ပြချက်များနှင့် ပတ်သက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်က လိုအပ်သည်များ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)