Skip to main content

ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်း (၁၁) ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများအဆင့်အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများ တက်ရောက်

နေပြည်တော် အောက်တိုဘာ ၁၂

လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့သည် အောက်တိုဘာ ၉ ရက် မှ ၁၃ ရက်အထိ ဗီယက်နမ်နိုင်ငံ ဟွာလောင်းမြို့၌ ကျင်းပလျက်ရှိသည့်(၁၁)ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများအဆင့်အစည်းအဝေး (ASEAN Ministerial Meeting on Disaster Management - AMMDM)နှင့် ဆက်စပ်အစည်းအဝေးများသို့ တက်ရောက်လျက်ရှိသည်။

ပြည်ထောင်စုဝန်ကြီးနှင့်အဖွဲ့သည် ယနေ့နံနက်ပိုင်းတွင် “From response to anticipatory action and resilience: ASEAN’s journey to wards global leadership in disaster management” ဆောင်ပုဒ်ဖြင့် ကျင်းပသည့် အာဆီယံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲရေးနေ့ပထမပိုင်းအစီအစဉ်သို့ တက်ရောက်သည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးနှင့် အဖွဲ့သည်(၁၁)ကြိမ်မြောက် အာဆီယံသဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးများအဆင့် အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများသို့ အာဆီယံနိုင်ငံများမှ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာဝန်ကြီးများ၊ ကိုယ်စားလှယ်များ နှင့်အတူ တက်ရောက်ခဲ့ကြသည်။

အစည်းအဝေးတွင် သဘာဝဘေးအန္တရာယ်ဆိုင်ရာဆောင်ရွက်မှုများကို သက်ဆိုင်ရာနိုင်ငံအလိုက် ဝန်ကြီးများက ရှင်းလင်းပြောကြားပြီး ပြည်ထောင်စုဝန်ကြီး ဒေါက်တာစိုးဝင်းက အာဆီယံဒေသတွင်း နိုင်ငံများအနေဖြင့် ဘေးဒဏ်ကြံ့ကြံ့ခံနိုင်သောနိုင်ငံများဖြစ်လာစေရန် နိုင်ငံအလိုက် ကြိုးပမ်းဆောင်ရွက်လျက်ရှိပါကြောင်း၊ ထိုသို့ဆောင်ရွက်ရာတွင် ယနေ့အစည်းအဝေး၏ ဆောင်ပုဒ် ဖြစ်သော From response to anticipatory action and resilience: ASEAN’s journey towards global leadership in disaster management ကို ကြိုဆိုပါကြောင်း၊ မြန်မာနိုင်ငံသည် Anticipatory Actionကို နိုင်ငံ၏ ပထဝီအနေအထား၊ နိုင်ငံ၏လုပ်ထုံးလုပ်နည်းများနှင့်အညီ အကောင်အထည်ဖော်လျက် ရှိပါကြောင်း၊ ပြီးခဲ့သည့်မေ ၁၄ ရက်က မြန်မာနိုင်ငံသို့ဝင်ရောက် တိုက်ခတ်ခဲ့သော အလွန့်အလွန်အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်းမိုခါနှင့်ပတ်သက်၍ စီမံဆောင်ရွက်ခဲ့မှုများကို သာဓကပြလိုပါကြောင်း။

မိုခါမုန်တိုင်း မဝင်ရောက်မီကပင် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်မှု၊ အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုကော်မတီဥက္ကဋ္ဌ၏ အနီးကပ်ကြီးကြပ်မှုတို့ဖြင့် လုပ်ငန်းကော်မတီများ၊ တိုင်းဒေသကြီးနှင့်ပြည်နယ် အစိုးရအဖွဲ့များ၊ တပ်မတော်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့နှင့် ဒေသခံပြည်သူများ၏ပူးပေါင်းပါဝင်မှုတို့ဖြင့် သဘာဝဘေးအန္တရာယ်ဆိုင်ရာ ဆောင်ရန်၊ ရှောင်ရန်အချက်အလက်များ ဖြန့်ဝေခြင်း၊ ဇာတ်တိုက်လေ့ကျင့်ခြင်း၊ ကြိုတင်သတိပေးချက်များ အချိန်နှင့်တစ်ပြေးညီထုတ်ပြန်ပေးခြင်း၊ လိုအပ်သည့် စားရေရိက္ခာများ၊ စက်သုံးဆီများ၊ ဆောက်လုပ်ရေးသုံးပစ္စည်းများကို ဘေးကျရောက်နိုင်ခြေ များပြားသောဒေသများသို့ ကြိုတင်ပေးပို့စုဆောင်းခြင်း၊ ပြည်သူများ ဘေးလွတ်ရာသို့ ကြိုတင်ရွှေ့ပြောင်းပေးခြင်း၊ သက်ဆိုင်ရာလုပ်ငန်းကော်မတီများအလိုက် ဆောင်ရွက်ရမည့်လုပ်ငန်းများကို တိကျစွာလိုက်နာစေခြင်းတို့ကို ဆောင်ရွက်ခဲ့ပါကြောင်း။

ထိုသို့ ဆောင်ရွက်မှုများကြောင့် ၂၀၀၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သော နာဂစ်မုန်တိုင်းနှင့်နှိုင်းယှဉ်ပါက လူသေဆုံးမှု၊ ထိခိုက်ပျက်စီးမှုများများစွာ နည်းပါးခဲ့ပါကြောင်း၊ ယခုအခါ ဘေးသင့်ဒေသများကို မူလအနေအထားထက် ပိုမိုကောင်းမွန်သည့် အခြေအနေသို့ရောက်ရှိစေရန် ပြန်လည်ထူထောင် ဆောင်ရွက်ပေးလျက်ရှိပါကြောင်း၊ မိုခါမုန်တိုင်းသင့် ဒေသများအတွက် လူသားချင်းစာနာထောက်ထားမှု အကူအညီများပေးပို့ကူညီ ထောက်ပံ့ခဲ့ကြသည့် အာဆီယံနိုင်ငံများနှင့် မိတ်ဆွေနိုင်ငံများကို ကျေးဇူးတင်ရှိပါကြောင်း ပြောကြားသည်။

ယင်းနောက် အာဆီယံအတွင်းရေးမှူးချုပ်ရုံးနှင့် AHA Centre တို့က လုပ်ငန်းဆောင်ရွက်မှု အခြေအနေများနှင့် အာဆီယံသဘာဝဘေးအန္တရာယ်ဆိုင်ရာ ရန်ပုံငွေ ရရှိသုံးစွဲမှုအခြေအနေများကို ရှင်းလင်းတင်ပြခဲ့ကြသည်။

ဆက်လက်၍ အာဆီယံနိုင်ငံများနှင့် တရုတ်နိုင်ငံ၊ ဂျပန်နိုင်ငံ၊ ကိုရီးယားနိုင်ငံတို့မှ သဘာဝဘေးအန္တရာယ် စီမံခန့်ခွဲမှုဆိုင်ရာ ဝန်ကြီးအဆင့် အစည်းအဝေးများကို သီးခြားစီ ကျင်းပခဲ့ရာ အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်မည့် သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု လုပ်ငန်းအစီအစဉ်များ၊ သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှုဆိုင်ရာ ပူးတွဲကြေညာချက်များနှင့် စပ်လျဉ်း၍ အပိုင်းအလိုက်၊ အခန်းကဏ္ဍအလိုက် ဆွေးနွေးအတည်ပြုခဲ့ကြသည်။

အဆိုပါအစည်းအဝေး၏ ဆက်စပ်အစည်းအဝေးများဖြစ်သော အာဆီယံသဘာဝဘေးအန္တရာယ် ဆိုင်ရာစီမံခန့်ခွဲမှုကော်မတီ (၄၃) ကြိမ်မြောက် အဆင့်မြင့် အရာရှိကြီးများ အစည်းအဝေးနှင့် ဆက်စပ်အစည်းအဝေးများကို အောက်တိုဘာ ၉ ရက်မှ၁၂ ရက်အထိကျင်းပခဲ့ရာ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်နှင့် ကိုယ်စားလှယ်အဖွဲ့က ပါဝင်တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ သဘာဝဘေးစီမံခန့်ခွဲမှုလုပ်ငန်းများ၊ အာဆီယံနှင့် ပူးပေါင်းဆောင်ရွက်နိုင်မှုအခြေအနေများကို ဆွေးနွေးခဲ့ကြကြောင်း သိရသည်။

သတင်းစဉ်