နေပြည်တော် အောက်တိုဘာ ၁၂
ပညာရေးဝန်ကြီးဌာန၏ နှစ်အလိုက်စွမ်းဆောင်ရည် ပြန်လည်သုံးသပ်ခြင်း (Annual Performance Review-APR)နှင့် နှစ်အလိုက်ဘဏ္ဍာငွေ ပြန်လည်သုံးသပ်ခြင်း (Annual Budget Review-ABR) အလုပ်ရုံဆွေးနွေးပွဲကို ယနေ့နံနက်ပိုင်းတွင် နေပြည်တော်ရှိ အဆိုပါဝန်ကြီးဌာန၌ ကျင်းပသည်။
အလုပ်ရုံဆွေးနွေးပွဲသို့ ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ၊ ဒုတိယဝန်ကြီးများ၊ အမြဲတမ်းအတွင်းဝန်၊ ဌာနဆိုင်ရာအကြီးအကဲများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။
အကောင်အထည်ဖော်
အလုပ်ရုံဆွေးနွေးပွဲတွင် ပြည်ထောင်စုဝန်ကြီးက ပညာရေးဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းလုပ်ငန်းများကို လွယ်ကူချောမွေ့စွာ အောင်အောင်မြင်မြင် ဆောင်ရွက်နိုင်ရန် နိုင်ငံတော်က လိုအပ်သည်များကို အဘက်ဘက်မှ ပံ့ပိုးပေးလျက်ရှိပါကြောင်း၊ ပညာရေးဝန်ကြီးဌာနအနေဖြင့် အမျိုးသားပညာရေးမဟာ ဗျူဟာစီမံကိန်းလုပ်ငန်းများကို အကောင်အထည်ဖော်ရာတွင် ဝန်ကြီးဌာနတစ်ခုလုံး၏ အရည်အသွေး တိုးတက်ကောင်းမွန်မှုကို ပံ့ပိုးပေးသည့် နှစ်အလိုက် စွမ်းဆောင်ရည် ပြန်လည်သုံးသပ်ခြင်းနှင့် နှစ်အလိုက်ဘဏ္ဍာငွေ ပြန်လည်သုံးသပ်ခြင်းလုပ်ငန်းကို နှစ်စဉ်ဆောင်ရွက်ရန်လိုအပ်ပါကြောင်း။
ပေါင်းစပ်ညှိနှိုင်း
ယနေ့ကျင်းပသည့် အလုပ်ရုံဆွေးနွေးပွဲတွင် ၂၀၂၁ ခုနှစ် အောက်တိုဘာလမှ ၂၀၂၂ ခုနှစ် မတ်လအထိ (ခြောက်လ)ဘဏ္ဍာနှစ်နှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်တို့အတွက် နှစ်အလိုက် စွမ်းဆောင်ရည် ပြန်လည်သုံးသပ်ခြင်းနှင့် ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်အတွက် နှစ်အလိုက်ဘဏ္ဍာငွေ ပြန်လည်သုံးသပ်ခြင်းဆိုင်ရာ လုပ်ငန်းစဉ်များကို ဆွေးနွေးကြမည်ဖြစ်ပါကြောင်း၊ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) နှစ်အလိုက် အကောင်အထည်ဖော် ဆောင်ရွက်မည့် စီမံကိန်းရေးဆွဲခြင်းနှင့် ရသုံးမှန်းခြေငွေစာရင်းပြုစုခြင်း လုပ်ငန်းစဉ်စက်ဝန်း (Annual Planning and Budget Cycle-APBC) တွင် ပါဝင်သော လုပ်ငန်းစဉ်များဖြစ်သည့် စီမံကိန်းရေးဆွဲခြင်း၊ ငွေစာရင်းပြုစုခြင်း၊ လေ့လာဆန်းစစ်အကဲဖြတ်ခြင်း၊ အစီရင်ခံတင်ပြခြင်းတို့ကို ပူးပေါင်းဆောင်ရွက်မှု၊ ပေါင်းစပ်ညှိနှိုင်းမှုတို့ဖြင့် ဆက်သွယ်ဆောင်ရွက်မှသာ စီမံကိန်းလုပ်ငန်းများ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်မည် ဖြစ်ပါကြောင်း။
မြန်မာနိုင်ငံလုံးဆိုင်ရာ ပညာရေးညီလာခံ (၂၀၂၃)မှ ဆွေးနွေးရရှိသော အနာဂတ်ပညာရေး ပိုမိုကောင်းမွန်ရေး လုပ်ငန်းအစီအမံများဖြစ်သည့် ကျောင်းနေနှုန်းမြင့်မားရေး၊ တန်းစဉ်ကူးပြောင်းနှုန်းမြင့်မားရေး၊ အမှန်တကယ် စာတတ်မြောက်ရေး၊ လူတိုင်းအကျုံးဝင်ပညာရေး အားပေးရေး၊ ဘွဲ့ရပညာတတ်များပေါများရေး၊ သင်ယူမှုအခွင့်အလမ်းများ ပိုမိုရရှိစေရေး၊ ဆရာလိုအပ်ချက် ပြည့်မီစေရေး၊ ဆရာ ဆရာမ အရည်အသွေးမြှင့်တင်ရေး၊ နိုင်ငံတကာအတွေ့အကြုံရရှိရေး၊ လုပ်ငန်းခွင်ပျော်ရွှင်စေရေး၊ နိုင်ငံချစ်စိတ်နှင့် မျိုးချစ်စိတ်ရှိသော နိုင်ငံ့သားကောင်းများမွေးထုတ်ရေး၊ စီမံခန့်ခွဲမှုအရည်အသွေးမြင့်မားရေး၊ အရည်အသွေးရှိသော သုတေသနလုပ်ငန်းများ ထွက်ပေါ်ရေးလုပ်ငန်းစဉ်များကိုလည်း အမျိုးသားပညာရေးမဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀) လုပ်ငန်းစဉ်များနှင့်ချိတ်ဆက်၍ အကောင် အထည်ဖော်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း၊ အမျိုးသားပညာရေး မဟာဗျူဟာစီမံကိန်း (၂၀၂၁-၂၀၃၀)၏ ရည်မှန်းချက်ပန်းတိုင်ကို ၂၀၂၉-၂၀၃၀ ဘဏ္ဍာနှစ်အကုန်တွင် ပေါက်မြောက်အောင်မြင်စေရန် ဦးစီးဌာနများအလိုက် ဦးတည်ကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းပါကြောင်း ပြောကြားသည်။
အုပ်စုဖွဲ့ဆွေးနွေး
ထို့နောက် ဒုတိယဝန်ကြီး ဒေါက်တာဇော်မြင့်က အလုပ်ရုံဆွေးနွေးပွဲ ရည်ရွယ်ချက်များကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်သူများက ဦးစီးဌာနအလိုက် အုပ်စုဖွဲ့ဆွေးနွေးကြသည်။
ယင်းအလုပ်ရုံဆွေးနွေးပွဲကို အောက်တိုဘာ ၁၃ ရက်ထိ ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။
သတင်းစဉ်