Skip to main content

ပဲခူးမြို့အတွင်း ရေများပြန်လည်ကျဆင်းလာပြီဖြစ်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့် စတင်ဆောင်ရွက်

ပဲခူး အောက်တိုဘာ ၁၂

ပဲခူးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းဦးဆောင်မှုဖြင့် အောက်တိုဘာ ၁၂ ရက် နံနက်ပိုင်းက ပဲခူးမြို့အတွင်းရေများ ပြန်လည်ကျဆင်းလာပြီဖြစ်၍ ပြန်လည်ထူထောင်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်တင် စတင်ဆောင်ရွက်နေမှုကို ကွင်းဆင်းကြည့်ရှုအားပေးသည်။

ရှေးဦးစွာတိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးမျိုးဆွေဝင်းသည် တိုင်းဒေသကြီး သဘာဝဘေးကွပ်ကဲမှုရုံး၌ ရေဘေးကယ်ဆယ်ရေးနယ်မြေအလိုက် ကြီးကြပ်သူအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ရေဘေးကယ်ဆယ်ရေးစခန်း တာဝန်ခံတိုင်းဒေသကြီးအဆင့် ဌာနဆိုင်ရာများနှင့်တွေ့ဆုံ၍ ပဲခူးမြို့အတွင်း ရေများပြန်လည်ကျဆင်းလာပြီဖြစ်၍ ဦးစားပေးနေရာများအလိုက် သန့်ရှင်းရေးပြုလုပ်ခြင်းနှင့် ပြန်လည်ထူထောင်ရေးလုပ်ငန်းများကို တစ်ပြိုင်တည်းဆောင်ရွက်ပေးသွားရမည်ဖြစ်ကြောင်း၊ ပဲခူးမြစ်ရေကြီးမှုကြောင့် ပဲခူးမြို့အတွင်း ရေဝင်ရောက်မှုမရှိစေရေး ရေဝင်/ရေထွက်ပေါက်များ ပြန်လည်အဆင့်မြှင့်တင်ရန်၊ ရေတားတာတစ်လျှောက် တာကြံ့ခိုင်ရေးစစ်ဆေးရန်နှင့် အမြင့်ဆုံးရောက်ရှိခဲ့သည့်ရေမှတ်အပေါ် အခြေခံပြီး ရေတားတာများ ပြန်လည်ပြင်ဆင်နိုင်ရေး ကွင်းဆင်းစိစစ်တွက်ချက်တင်ပြရန်၊ ပျက်စီးသွားသည့် လမ်းများကို ပြန်လည်ပြင်ဆင်ရန် မှာကြားသည်။

ထို့နောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်သည် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့်ပြန်လည်နေရာချထားရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးနှင့်အတူ ရုံးကြီးရပ်ကွက်နှင့် ဆိုရှယ်လစ်ရပ်ကွက်များရှိ ဒေသခံပြည်သူများအား တိုင်းဒေသကြီးအစိုးရအဖွဲ့ အစီအစဉ်ဖြင့် ရေသန့်စင်စက်တပ်ဆင်ထားသည့် မော်တော်ယာဉ်ဖြင့် ရေသန့် အခမဲ့ဖြန့်ဝေပေးနေမှုကို ကြည့်ရှု အားပေးသည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဒုတိယဝန်ကြီး၊ နယ်မြေခံတပ်မှ ဒုတပ်မမှူးတို့သည် မြို့မစျေးကြီး၊ အထွေထွေရောဂါကုပြည်သူ့ဆေးရုံကြီးနှင့် အမှတ်(၁) အခြေခံပညာ အထက်တန်းကျောင်းတို့၌ ဌာနဆိုင်ရာများ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုတို့ကို ကြည့်ရှုအားပေးပြီး ထမင်းထုပ်များနှင့် ထောက်ပံ့ငွေများပေးအပ်သည်။ ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့်အဖွဲ့သည် ပဲခူးမြို့အတွင်း ရေပြန်လည်ကျဆင်းခဲ့မှုအခြေအနေများကို မော်တော်ယာဉ်များဖြင့် လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

တိုင်းဒေသကြီး(ပြန်/ဆက်)