Skip to main content

၂၀၂၆ ကမ္ဘာ့ဖလား ပထမအဆင့်ခြေစစ်ပွဲတွင် မြန်မာအသင်းမကာအိုကို ဂိုးပြတ်အနိုင်ရပြီး နောက်တစ်ဆင့်တက်ရန် အခြေအနေကောင်း

ရန်ကုန် အောက်တိုဘာ ၁၂

၂၀၂၆ ကမ္ဘာ့ဖလားအာရှဇုန် ပထမအဆင့်ခြေစစ်ပွဲ ပထမအကျော့အဖြစ် မြန်မာ့လက်ရွေးစင်အသင်းနှင့် မကာအိုလက်ရွေးစင်အသင်းသည် အောက်တိုဘာ ၁၂ ရက်က ရန်ကုန်မြို့ရှိ သုဝဏ္ဏကွင်း၌ ယှဉ်ပြိုင်ကစားရာ မြန်မာအသင်းက ငါးဂိုး-တစ်ဂိုးဖြင့် အနိုင်ရခဲ့သည်။

မြန်မာ့လက်ရွေးစင် အသင်းအနေဖြင့် ယခုနှစ်အတွင်း ပထမဆုံးကစားရသည့် နိုင်ငံတကာပြိုင်ပွဲတွင် မကာအိုအသင်းကို ဂိုးပြတ်အနိုင်ရခဲ့ခြင်းဖြစ်သည်။ မြန်မာအသင်းသည် မကာအိုအသင်းကို ဂိုးပြတ်အနိုင်ရခဲ့သဖြင့် ဒုတိယအကျော့ အဝေးကွင်းကစားရန် ကျန်သေးသော်လည်း ဒုတိယအဆင့်ခြေစစ်ပွဲ တက်ရောက်ရန် အခြေအနေကောင်းသွားခဲ့သည်။ မြန်မာ့လက်ရွေးစင်အသင်းအနေဖြင့် ယခုနောက်ပိုင်းကစားသည့် နိုင်ငံတကာပြိုင်ပွဲများတွင် ဂိုးပြတ်အနိုင်ရလဒ် ပြန်လည်ရယူနိုင်ခဲ့ခြင်းလည်း ဖြစ်သည်။

မြန်မာအသင်းသည် ဆန်းဆက်နိုင်၊ ဟိန်းဖြိုးဝင်း၊ စိုးမိုးကျော်၊ ဟိန်းဇေယျာလင်း၊ သက်ဟိန်းစိုး၊ နေမိုးနိုင်၊ ကျော်မင်းဦး၊ လွင်မိုးအောင်၊ မောင်မောင်လွင်၊ အောင်သူ၊ သန်းပိုင်တို့ဖြင့် ပွဲထွက်ခဲ့သည်။ အဝေးကွင်းလာရောက်ကစားသည့် မကာအိုအသင်း၏ ခံစစ်ကစားပုံကြောင့် မြန်မာအသင်းသည် ပွဲစကတည်းက ဖိကစားနိုင်သော်လည်း မကာအိုအသင်းကခံစစ်တွင် စုပြုံပိတ်ဆို့ကစားနေသဖြင့် ထင်တိုင်းမပေါက်ခဲ့ပေ။ ၄၃ မိနစ်တွင် မြန်မာအသင်း ဦးဆောင်ဂိုးရခဲ့ပြီး လွင်မိုးအောင်ကသွင်းယူကာ ပထမပိုင်းအပြီးတွင် တစ်ဂိုးအသာဖြင့် ဦးဆောင်နေသည်။ ဒုတိယပိုင်းအစတွင် မကာအိုအသင်း ချေပဂိုးပြန်ရရန်ကြိုးပမ်းလာပြီး ၅၅ မိနစ်တွင် တိုရာရိုက ဂိုးပြန်သွင်းခဲ့သည်။ မြန်မာအသင်းသည် ချေပဂိုးပေးလိုက်ရပြီး ခုနစ်မိနစ်အကြာတွင် ဒုတိယဂိုးပြန်ရခဲ့ပြီး နောက်ခံလူစိုးမိုးကျော်က သွင်းယူခဲ့ခြင်းဖြစ်သည်။ ယင်းနောက်ပိုင်းတွင် မြန်မာအသင်းက ကစားသမားများ ပြောင်းလဲကာ တိုက်စစ်မြင့်ခဲ့ပြီး ဂိုးထပ်မံရရှိရန် ကြိုးပမ်းခဲ့သည်။ ကစားအားကျသွားသည့် မကာအိုအသင်းကြောင့် မြန်မာအသင်းအခွင့်အရေးပိုရလာပြီး ၈၂ မိနစ်တွင် အောင်ကောင်းမာန်၊ ၉၀+၁ မိနစ်တွင် နေမိုးနိုင်၊ ၉၀+၄ မိနစ်တွင် လွင်မိုးအောင်တို့က အနိုင်ဂိုးများ ထပ်မံသွင်းယူခဲ့သည်။

မြန်မာအသင်းနှင့် မကာအိုအသင်းတို့၏ ဒုတိယအကျော့ပွဲကို အောက်တိုဘာ ၁၇ ရက်တွင် မကာအို၌ ကျင်းပမည်ဖြစ်သည်။

ရဲရင့်လွင်၊ ဓာတ်ပုံ-သော်လေး